မက်ဆီနဲ့ ဆယ်လ်ဖီဆွဲချင်သလား။ ‘အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာစေတယ်’ဆိုတဲ့ မိုင်ယာမီက ပြပွဲ

စူပါစတား လီယွန်နယ် မက်ဆီရဲ့ ဘဝနဲ့ ဘောလုံးသမားဘဝအကြောင်းကို မီးမောင်းထိုးပြတဲ့ ပုံရိပ်ယောင် (VR) မာလ်တီမီဒီယာပြပွဲတခု မိုင်ယာမီကို ရောက်ရှိလာပါတယ်။ လာရောက်ကြည့်ရှုသူတွေကို ဘောလုံးကစားသမားနဲ့အတူ ဆယ်လ်ဖီပုံတူ ဆွဲလို့ရမယ့် နေရာတခုအပါအဝင် AI နဲ့ 3D ရုပ်ပုံတွေကို ပေါင်းစပ်ထားတဲ့ “The Messi Experience – A Dream Come True” လို့အမည်ရ ခင်းကျင်းပြသမှု ကိုးခုကို မြင်တွေ့ရမှာပါ။

ပွဲအစီအစဉ်က ၂၀၂၄၊ ဧပြီလ ၂၅ ရက်၊ ကြာသပတေးနေ့မှာ မိုင်ယာမီမှာ ယင်းရဲ့ World Tour ကို စတင်ခဲ့ပါတယ်။ လက်မှတ်တွေကို ဗုဒ္ဓဟူးနေ့ကနေ တနင်္ဂနွေနေ့အထိ အချိန်အကန့်အသတ်နဲ့ ရရှိနိုင်ပါတယ်။

ဒီပြသမှုကို စီစဉ်သူတွေနဲ့ အရောင်းမြှင့်တင်သူတွေရဲ့ ပြောကြားချက်အရ “အကြောင်းအရာအလိုက် ထည့်သွင်းပြသမှု ကိုးခုကနေတဆင့် စွဲမက်ဖွယ် စွန့်စားခန်းတရပ်ဖြစ်ပြီး “တခုချင်းစီက မက်ဆီ့ ကမ္ဘာရဲ့ မတူညီတဲ့ ရှုထောင့်တွေကို တင်ဆက်ပေးကြမှာဖြစ်ပါတယ်။”လို့ ဆိုပါတယ်။

အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုက သူ့ရဲ့ ကလေးဘဝပတ်ဝန်းကျင်ကနေ အစပြုလို့ ဒီခင်းကျင်းပြသမှုမှာ စူးစမ်းလေ့လာနိုင်ပြီး အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်တဲ့အထိ သူ့ဘဝရဲ့ အဓိကအခိုက်အတန့်တွေကို သရုပ်ဖော်ထားပါတယ်။

ပြပွဲအတွင်း လာရောက်ကြည့်ရှုသူတွေ လေ့လာနိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ ဒစ်ဂျစ်တယ်အပြန်အလှန်ထိတွေ့မှု ကိုးခုရှိပါတယ်။

ကမ္ဘာ့ဖလားအောင်ပွဲခံ အခမ်းအနား – အမိုးဖွင့်ဘတ်စ်ကားဖြင့် စတင်ပါတယ်။

လာရောက်လည်ပတ်သူတွေက သန်းပေါင်းများစွာသော အာဂျင်တီးနားပရိသတ်များကြားမှာ အောင်ပွဲခံချီတက်ပွဲကို ပါဝင်နိုင်မှာဖြစ်ပါတယ်။

မက်ဆီရဲ့ ကလေးဘဝအိမ် – ဒီနေရာမှာတော့ ကြည့်ရှုသူတွေက အာဂျင်တီးနားနိုင်ငံ၊ ရိုဆာရီယိုမြို့မှာ မက်ဆီ အစောပိုင်းနှစ်များကနေထိုင်ခဲ့တဲ့ သူ့အိမ်ကို ဝင်ရောက်နိုင်မှာပါ။

ဘာစီလိုနာသို့ ခရီးစဉ် – ၁၉၅၇ က စတင်ဖွင့်လှစ်ခဲ့တဲ့ ဘာစီလိုနာကလပ်ရဲ့ အားကစားကွင်းဖြစ်တဲ့ နူးကမ့်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ခံစားရပြီး မြို့ရဲ့ တောက်ပတဲ့ အလင်းရောင်တွေကို မြင်တွေ့ရမှာပါ။

သူ့ရဲ့ အောင်မြင်မှုများနဲ့ စိတ်ပျက်မှုများ – ဒီအပြန်အလှန်ထိတွေ့မှု ပြသရာနေရာမှာ ပရိသတ်တွေဟာ မက်ဆီ့ဘ၀ တခြားရှုထောင့်တွေရဲ့ အောင်ပွဲခံရာတွေကနေ လာတဲ့ အာဂျင်တီးနားကြယ်ပွင့်ရဲ့ကစားသမားဘဝအစနဲ့  စိတ်ပျက်စရာတွေကိုပါ သူ့အတွေ့အကြုံတွေနဲ့အတူ လိုက်ပါစီးမျောနိုင်မှာဖြစ်ပါတယ်။

အပြန်အလှန်ထိတွေ့မှု ပရိသတ်ဇုန် – ဒီနေရာမှာတော့ လူတွေဟာ ဘောလုံးနဲ့အတူ သူတို့ရဲ့ စွမ်းရည်တွေကို စမ်းသပ်နိုင်မှာဖြစ်ပြီး မက်ဆီထံကနေ အကြံပြုချက်တွေနဲ့ အကြံဉာဏ်တွေကိုပါ သင်ယူနိုင်မှာဖြစ်တယ်။ တချို့က မက်ဆီရဲ့ Dream Team မှာ ပါဝင်ဖို့ ရွေးချယ်ခံရနိုင်ပါတယ်။ အသင်းရဲ့ တစိတ်တပိုင်းအဖြစ် ရွေးချယ်ပြီးတာနဲ့  Hyperreal က ဖန်တီးထားတဲ့ avatar ကိုယ်ပွားတခုဖြစ်မယ့် အသင်းခေါင်းဆောင် မက်ဆီက အသက်ဝင်လာမှာပါ။ သူက ပရိသတ်တွေကို လော့ကာခန်းအတွင်းက အသင်းသားတွေ စိတ်လှုပ်ရှားစရာ ပြောဆိုမှုတွေ ပြုလုပ်ပေးမှာပါ။

ပိုမို ထိတွေ့တုံ့ပြန်မှုလုပ်လိုသူတွေအတွက်တော့ အဆင့်မြင့် ဉာဏ်ရည်တု (Artificial Intelligence) ကို အသုံးပြုခြင်းဖြင့် မက်ဆီနဲ့ virtual selfie ဆွဲပြီး သူနဲ့အတူ စကားပြောနိုင်ပါတယ်။

ဒီပွဲမှာ ပါဝင်တဲ့ ဆိုဖီယာ ဘူကီလီက “ဒါဟာ အာဂျင်တီးနားကြယ်ပွင့် လီယွန်နယ်မက်ဆီရဲ့ ဘဝမှာ ခင်ဗျားကို အပြန်အလှန်ထိတွေ့စေမယ့် ပုံရိပ်ယောင်ပြသပွဲတခုပါ၊ ဒါဟာ မိသားစု၊ သူငယ်ချင်းတွေနဲ့ သင့်လက်တွဲဖော်နဲ့ ပျော်ရွှင်ရမယ့် မယုံနိုင်စရာ အတွေ့အကြုံတခုပါ။”

“သူတို့က နည်းပညာ၊ ဉာဏ်ရည်တုကို ဘယ်လိုအသုံးပြုခဲ့ကြလဲဆိုတာ မယုံနိုင်စရာပါပဲ၊ ပြသရာနေရာတွေထဲက တခုမှာ မက်ဆီနဲ့ ဆယ်လ်ဖီဆွဲနိုင်တယ်။ ဒါက အရမ်းပျော်ဖို့ကောင်းတယ်။ သူ့ကို လူချင်းကောင်းကောင်းမသိရင်တောင် The Messi Experience မှာ ခင်ဗျားရဲ့ selfie ပုံ ဒီနေရာမှာရှိနေပါပြီ” 

“ဘောလုံးပရိသတ်တယောက်ဖြစ်စေ မဖြစ်စေ နှစ်သက်စေမယ့် ပြပွဲတခုပါ၊ ဒါဟာ ထူးခြားတဲ့ အတွေ့အကြုံတခုပါ။ အရမ်းကို တန်ပါတယ်”လို့ ပြောသွားပါတယ်။

နေရာ – “The Messi Experience: A Dream Come True” ကို Coconut Grove ရှိ Regatta ဆိပ်ကမ်းက Hangar မှာ အချိန်အကန့်အသတ်နဲ့  ၂၀၂၄ ဧပြီလ ၂၅ ရက်၊ ကြာသပတေးနေ့မှာ စတင်ပါတယ်။

ဈေးနှုန်း – လက်မှတ်တွေကို ကလေးတဦးလျှင် ဒေါ်လာ ၂၉.၉၀ နဲ့ လူကြီးတဦးလျှင် ဒေါ်လာ ၃၅.၉၀ မှ စတင်ပါတယ်။ ဒီပွဲကို ဗုဒ္ဓဟူးနေ့မှ တနင်္ဂနွေနေ့အထိ အများပြည်သူအတွက် ဖွင့်လှစ်ထားပြီး ၇၅ မိနစ်ခန့် ကြာမြင့်မှာဖြစ်တယ်။

ပိုမိုသိရှိလိုပါက themessiexperience.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Ref; AFP/nbcmiami