ဖီဂျီရှိ တရုတ်ကွန်မြူနစ်ပါတီကျောထောက်နောက်ခံပြု စီးပွားရေးသမားက သြစတြေးလျ ရာဇဝတ်မှုဆိုင်ရာပစ်မှတ်ဖြစ်နေ

ဖီဂျီဝန်ကြီးချုပ်ဟောင်း ဖရန့်ဘိုင်နီမာရာမာ (ဝဲ) နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးဟောင်း ချောင်ဂန်ချွမ် (ယာ) တို့ ၂၀၀၅ ခုနှစ်က  တရုတ်နိုင်ငံ ပေကျင်း၌ တွေ့ဆုံစဉ်

OCCRP

ဖီဂျီအခြေစိုက် ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် ကျောင်ဖူဂန်သည် ပစိဖိတ်ဒေသတွင် တရုတ်၏ အကျိုးစီးပွားအတွက် စိတ်ချရသော လူယုံဖြစ်သည်။ သို့သော် သူသည် အခြားကဏ္ဍတွင် ထိပ်တန်းရာဇဝတ်ခေါင်းဆောင်တဦးအဖြစ် ပါဝင်နေသည်ဟု ဩစတြေးလျ တရားဥပဒေစိုးမိုးရေးနှင့် ထောက်လှမ်းရေးအေဂျင်စီများက သံသယရှိနေသည်။ ကျောင်ဖူဂန်သည် မည်သည့်ရာဇဝတ်မှုနှင့်မျှ တရားစွဲဆိုခံရခြင်း မရှိသေးပေ။

တရုတ်နွယ်ဖွား လုပ်ငန်းရှင် ကျောင်ဖူဂန်သည် တောင်ကုန်းပေါ်ရှိ ၎င်း၏ Yue Lai ဟိုတယ်အခန်းမှနေ၍ ဖီဂျီ၏ ပင်လယ်ကမ်းစပ်မြို့တော် ဆူဗာ၏ မြင်ကွင်းကျယ်ရှုခင်းကို ခံစားကြည့်ရှုနိုင်သည်။ သို့သော် ဟိုတယ်သည် ခရီးသွားလုပ်ငန်းမှ အိမ်ခြံမြေတည်ဆောက်ရေးလုပ်ငန်းအထိ ဖြန့်ကြက်ထားသည့် ဒေသတွင်းစီးပွားရေးအင်ပါယာ၏ ဌာနချုပ်တခုအနေဖြင့်သာမဟုတ်ဘဲ ဖီဂျီတွင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို မြှင့်တင်မှုအတွက်လည်း အခြေခံအုတ်မြစ်ဖြစ်သည်။

ဖီဂျီမြို့တော် ဆူဗာတွင်တည်ရှိသော ကျောင်ဖူဂန်၏ Yue Lai ဟိုတယ်

ခမ်းနားထည်ဝါသော ဆေးအနီရောင်နှင့်အနက်ရောင်သုံးထားသည့် ဟိုတယ်သည် ကျောင်နှင့် လက်ပွန်းတတီးနေသော ဖီဂျီအကြီးတန်းအရာရှိများအကြား ဒေသတွင်း တရုတ်သံရုံး၏ တရားဝင်လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာ နေရာလည်းဖြစ်သည်။ ထိုဟိုတယ်သည် တရုတ်နှင့် ဖီဂျီနိုင်ငံကြား လုံခြုံရေးဆက်ဆံရေးကို မြှင့်တင်ရာတွင် ပြည်သူ့ကဏ္ဍမှ ပါဝင်ကြသည့် တရုတ်နိုင်ငံသားများအတွက် တရားဝင်ဝန်ဆောင်မှုစင်တာလည်းဖြစ်သည်။

ပစိဖိတ်ကျွန်းစုများတွင် ခြေကုပ်ယူရန် တရုတ်၏ အစဉ်တစိုက်ကြိုးပမ်းမှုတွင် ကူညီခြင်းမှာ စီးပွားရေးသမားတယောက်အနေဖြင့် ထုံးစံပင်ဖြစ်သည်။ လက်ရှိအာဏာရ တရုတ်ကွန်မြူနစ်ပါတီသည် ညီညွတ်သောတပ်ဦး ဟုခေါ်သည့် မဟာဗျူဟာအရ တရုတ်အကျိုးစီးပွားအား တွန်းအားပေးရန် နိုင်ငံရပ်ခြားရှိ ထင်ရှားကျော်ကြားသော အဖွဲ့ဝင်များကို မကြာခဏ အသုံးချလေ့ရှိသည်။

မဟာဗျူဟာအရ အရေးပါသော ပစိဖိတ်ကျွန်းစုများတွင် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှု ကြီးထွားလာခြင်းကို အနောက်နိုင်ငံများက စိုးရိမ်နေချိန်တွင် အမေရိကန်၏ အဓိကမဟာမိတ်ဖြစ်သည့် သြစတြေးလျသည် ကျောင်အား ပစ်မှတ်ထားစောင့်ကြည့်လာကြောင်း ရာဇဝတ်မှုနှင့်အကျင့်ပျက်ခြစားမှုအစီရင်ခံရေးစီမံချက် (OCCRP) နှင့် သြစတြေးလျ၏ Nine မီဒီယာတို့၏ ပူးတွဲစုံစမ်းစစ်ဆေးမှုအရ တွေ့ရှိခဲ့သည်။

ကျောင်ဖူဂန်

ကျောင်သည် စီးပွားရေးသမား သို့မဟုတ် နိုင်ငံရေးနှင့်ပတ်သက်သူသက်သက်မျှသာ မဟုတ်ကြောင်း သြစတြေးလျတရားဥပဒေစိုးမိုးရေးနှင့် ထောက်လှမ်းရေးအေဂျင်စီများက တိတ်တဆိတ်ယုံကြည်ထားကြသည်။ သူသည် အကြီးစား ရာဇဝတ်ကောင်တဦးဟုလည်း ဩစတြေးလျက သံသယရှိနေပြီး ၎င်းနှင့် ကင်းကင်းရှင်းရှင်းနေရန် ဖီဂျီအစိုးရကို တွန်းအားပေးနေကြသည်။

သြစတြေးလျ၏ ထိပ်တန်းရာဇဝတ်မှုဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ Australian Criminal Intelligence Commission သည် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ကျောင်အား ဩစတြေးလျ၏ ဦးစားပေးပစ်မှတ်အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းလိုက်သည်။ ဦးစားပေးပစ်မှတ်များစာရင်းကို လျှို့ဝှက်ထားရှိပြီး ၎င်းတွင် ဩစတေးလျရင်ဆိုင်နေရသော အထင်ရှားဆုံးခြိမ်းခြောက်မှုဟုမှတ်ယူထားသည့် နိုင်ငံခြားတွင် အခြေစိုက်လေ့ရှိသော ရာဇဝတ်မှုဖြင့်အဓိကသံသယရှိသူ တဒါဇင်ခန့် ပါဝင်သည်။

နိုင်ငံ့အရေးလုပ်ဆောင်သော လူသိများသည့် ကျောင်အား သံသယစာရင်းတွင် ထည့်သွင်းလိုက်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး တရုတ်သည် ပစိဖိတ်ဒေသတွင် ၎င်း၏အကျိုးစီးပွားများ မြှင့်တင်ရန် ရာဇဝတ်ကွန်ရက်ကို ဘက်တော်သားများအဖြစ် အသုံးချနေသည်ဟု ယုံကြည်ရကြောင်း ဩစတြေးလျမဟာဗျူဟာအဖွဲ့အစည်းမှ အကြီးတန်း ဆန်းစစ်လေ့လာသူ ဂျွန်ကွိုင်းက ပြောသည်။

ကျောင်သည် ဒေသတွင်း၌ အကျင့်ပျက်ခြစားသည့်အရာရှိများထံသို့ အလွယ်တကူဝင်ရောက်နိုင်ဖွယ်ရှိသည့် ဆယ်စုနှစ်များစွာကြာ လှုပ်ရှားခဲ့သော နိုင်ငံဖြတ်ကျော်အဖွဲ့အစည်းတခု၏ ထိပ်တန်းအဖွဲ့ဝင်တဦးဖြစ်ကြောင်း သြစတြေးလျတရားဥပဒေစိုးမိုးရေးအဖွဲ့က ၂၀၂၁ ခုနှစ်ကတည်းက သံသယရှိနေကြောင်း သတင်းထောက်များက သိရှိခဲ့သည်။

အဆိုပါအဖွဲ့သည် လူကုန်ကူးမှု၊ ငွေကြေးခဝါချမှုနှင့် သြစတြေးလျသို့ မူးယစ်ဆေးဝါး အများအပြား တင်သွင်းမှု အပါအဝင် ရာဇဝတ်မှုများတွင် ပါဝင်နေသည်ဟု စွပ်စွဲခံထားရသည်။

ကျောင်သည် ဩစတေးလျတွင် မည်သည့်ရာဇဝတ်မှုနှင့်မျှ တရားစွဲဆိုမခံရဖူးသေးသလို အာဏာပိုင်များကလည်း ၎င်းအား သံသယရှိကြောင်း လူသိရှင်ကြား ထုတ်ပြန်ခြင်း မပြုခဲ့ပေ။

သြစတြေးလျ၏ ဦးစားပေးပစ်မှတ်အဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခြင်းသည် ထောက်လှမ်းချက်အပေါ် အခြေခံပြီး အမှားအယွင်းကျူးလွန်ခြင်း၏ သက်သေမဟုတ်ပေ။ အရှုပ်ထွေးဆုံးနှင့် အပြင်းထန်ဆုံး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုကွန်ရက်များကို ဖော်ထုတ်ရန် အစိုးရ၏ အင်အားအပြည့်သုံးသည့် မဟာဗျူဟာ တစိတ်တပိုင်းအဖြစ် သြစတြေးလျနိုင်ငံ၏ အဓိကတရားဥပဒေစိုးမိုးရေးအဖွဲ့များအကြားတွင် အဆိုပါစာရင်းကို ဖြန့်ဝေထားသည်။

ကျောင်က ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး တရုတ်အစိုးရအတွက် အလုပ်လုပ်နေကြောင်းကိုမူ ဝန်ခံထားသည်။

ကစားကွက်ထဲက ပစိဖိတ်

ပစိဖိတ်ကျွန်းစုများတွင် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များနှင့်ပတ်သက်၍ အနောက်နိုင်ငံများက စိုးရိမ်ပူပန်မှုမြင့်တက်လာချိန်တွင် ဩစတြေးလျက ကျောင်အပေါ် အထူးအာရုံစိုက်လာခြင်းဖြစ်သည်။

တရုတ်သည် မကြာသေးမီနှစ်များအတွင်း ဆော်လမွန်ကျွန်းစု၊ ကီရီဘာတီနှင့် နောရူးကျွန်းနိုင်ငံတို့နှင့် တရားဝင်ဆက်ဆံရေး ထူထောင်နိုင်ခဲ့ပြီး အမေရိကန်၏မဟာမိတ်အဖြစ် သတ်မှတ်ခံထားရသည့် ထိုင်ဝမ်အား သံတမန်ရေးအရ အသိအမှတ်ပြုမှုကို စွန့်လွှတ်ရန် စည်းရုံးခဲ့သည်။

၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဆော်လမွန်ကျွန်းစုနှင့် လျှို့ဝှက်လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပေါက်ကြားလာသော စာချုပ်မူကြမ်းတွင် တရုတ်ဝန်ထမ်းများနှင့် အဓိကစီမံကိန်းများ ဘေးကင်းရေးအတွက် တရုတ်လုံခြုံရေးတပ်ဖွဲ့များကို နိုင်ငံတွင်းသို့ ဝင်ခွင့်ပြုခြင်းပါဝင်သည်။ အဆိုပါ သဘောတူညီချက်က အမေရိကန်၊ စတြေးလျနှင့် နယူးဇီလန်တို့အား စိုးရိမ်မှုဖြစ်စေခဲ့သည်။

၂၀၀၆ အာဏာသိမ်းမှုအပြီး အာဏာရလာသော ဝန်ကြီးချုပ်ဟောင်း ဖရန့် ဘိုင်နီမာရာမာ၏ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုအတွင်း ဖီဂျီတွင် အကျိုးအမြတ်များရရှိလာပြီးနောက် တရုတ်ချင်းနင်းဝင်ရောက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ဘိုင်နီမာရာမာလက်ထက်တွင် ဖီဂျီနှင့် တရုတ်တို့သည် ၂၀၁၁ ခုနှစ်အစောပိုင်းက စက်ပစ္စည်းများပေးပို့နှင့် လေ့ကျင့်ရေးပါဝင်သော နှစ်နိုင်ငံရဲတပ်ဖွဲ့ဝင်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

ကျောင်သည် အနည်းဆုံး ၂၀၁၄ ခုနှစ်မှစ၍ သူ့ကိုယ်သူ ဘိုင်နီမာရာမာ၏ အကြံပေးအဖြစ် ရာထူးပေးခဲ့ကြောင်း တရုတ်မီဒီယာများနှင့် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ဘိုင်နီမာရာမာအစိုးရနှင့် ကျောင်ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ကျောင်သည် ဝန်ကြီးချုပ်အပါအဝင် အခြားထိပ်တန်းအရာရှိများနှင့် ပုဂ္ဂိုလ်ရေးရာဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းခဲ့သည်ဟု လေ့လာသုံးသပ်သူများနှင့် အစိုးရအတွင်းလူဟောင်းများက ပြောသည်။

ဖီဂျီတွင် တရုတ်၏ရှေ့တန်းလူ

ကျောင်အား တရုတ်၏ကိုယ်စားလှယ်တဦးအဖြစ် တရုတ်မီဒီယာ အစီရင်ခံစာများနှင့် တရားဝင်စာရွက်စာတမ်းများတွင် အသေးစိတ်ဖော်ပြထားသည်။

ကျောင်သည် အနည်းဆုံး ၂၀၁၀ နှစ်လယ်ပိုင်းလောက်ကတည်းက တရုတ်ကွန်မြူနစ်ပါတီရုံး၏ရုံးဖြစ်သော ညီညွတ်သောတပ်ဦးအလုပ်ဌာနက ထိန်းချုပ်ထားသော အဖွဲ့အစည်းတွင် ထိပ်ပိုင်းရာထူးများ ဆက်တိုက်ရခဲ့သည်။ ထိုဌာနသည် ဒေသတွင်း အထက်တန်းလွှာများကို လွှမ်းမိုးရန်နှင့် တရုတ်အကျိုးစီးပွားများ မြှင့်တင်ရန် အဝေးရောက်တရုတ်နိုင်ငံသားများအား အသုံးချသည့် ကြိုးပမ်းမှုများကိုလည်း လုပ်ဆောင်သည်။

ကျောင်သည် ဖီဂျီရှိ မြောက်ပိုင်းတရုတ်လူမျိုးများနေထိုင်ရာ အဖွဲ့အစည်းအပါအဝင် ညီညွတ်သောတပ်ဦးအဖွဲ့များတွင် ထိပ်တန်းရာထူးများကို ရယူထားသည်ဟု တရုတ်အစိုးရမီဒီယာက ဖော်ပြသည်။ သူသည် ထိုင်ဝမ်နှင့်တရုတ်ပြန်လည်ပေါင်းစည်းရေးအတွက် ထောက်ခံအားပေးနေသော ဖီဂျီအခြေစိုက် ရွှေ့ပြောင်းအခြေချတရုတ်အဖွဲ့အစည်းတခုကိုလည်း ဦးဆောင်လျက်ရှိသည်။

မိတ်ဆွေမဟုတ်ခြင်း

ကျောင်သည် ဖီဂျီရှိ တရုတ်၏ လုံခြုံရေးအကျိုးစီးပွားကို မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပုံရသည်။

ကျောင်သည် ၎င်း၏ဟိုတယ်တွင် တရားဝင် တရုတ်နိုင်ငံသားဝန်ဆောင်မှုစင်တာကို ဖွင့်လှစ်ထားကြောင်း ၂၀၁၆ ခုနှစ်တွင် ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းများနှင့် မီဒီယာများက ဖော်ပြထားသည်။ ထိုစင်တာများသည် နိုင်ငံရပ်ခြားရှိ တရုတ်နိုင်ငံသားများကို စောင့်ကြည့်ရန် အသုံးပြုသည့် ကမ္ဘာ့ကွန်ရက်တခု၏ အစိတ်အပိုင်းဖြစ်ကြောင်း အနောက်အစိုးရများနှင့် သုတေသီများ၏ စွပ်စွဲချက်ကို တရုတ်က ငြင်းဆိုထားသည်။

ရုံးများ၏ ရည်ရွယ်ချက်မှာ တရုတ်နိုင်ငံသားများအား တရားဝင် စာရွက်စာတမ်းများ သက်တမ်းတိုးခြင်းကဲ့သို့ လုပ်ရိုးလုပ်စဉ်တာဝန်များကို ထမ်းဆောင်ရာတွင် ကူညီရန်ဖြစ်ကြောင်း တရုတ်က ချေပခဲ့သည်။

ကျောင်သည် စင်တာ၏ဥက္ကဋ္ဌဖြစ် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်အစည်းအဝေးများကို တက်ရောက်ခြင်းနှင့် လက်ခံကျင်းပခြင်းများပြုလုပ်ကြောင်း တရုတ်မီဒီယာများတွင် ဖော်ပြခဲ့သည်။ အဆိုပါအစည်းအဝေးများသို့ ဖီဂျီရဲတပ်ဖွဲ့မှ ထိပ်တန်းရဲအရာရှိများအပြင် ဒေသတွင်း တရုတ်စီးပွားရေးခေါင်းဆောင်များနှင့် သံရုံးတာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အချိန် Yue Lai Hotel တွင်ပြုလုပ်သော တရုတ်သံရုံးအခမ်းအနားအတွင်း ကျောင်ဖူဂန် (ယာ)နှင့် ဖီဂျီဝန်ကြီးချုပ်သစ် စီတီဗန်နီရာဘူကာ (ဒုတိယမြောက် – ဝဲ ) တို့အား အတူတွေ့ရစဉ်

ဥပဒေစိုးမိုးရေးကြိုးပမ်းမှုများကို ကူညီနေသော တရုတ်အစိုးရယုံကြည်ရသူအား ပြင်းထန်သောရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေသည်ဟု ဩစတြေးလျက သံသယရှိနေခြင်းမှာ ထူးဆန်းကောင်းထူးဆန်းနေနိုင်သည်။

သို့သော် တရုတ်သည် ဒေသတွင်းအထက်တန်းလွှာများကို လွှမ်းမိုးရန်ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် မျိုးချစ်စိတ်ထက်သန်သော အထင်ကရရာဇဝတ်သားများကို ပြည်ပရောက်ဘက်တော်သားများအဖြစ် အသုံးချတတ်သည့် မှတ်တမ်းရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။