မဲဆောက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် အထောက်ထားမဲ့ မြန်မာလုပ်သား ၁၀ ဦး ဖမ်းခံရ

မဲဆောက်မြို့တွင် စစ်ဆေးနေသည့် ထိုင်းအာဏာပိုင်များနှင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများ

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ထိုင်း-မြန်မာ နယ်စပ် ဖြစ်သည့် တာ့ခ်ခရိုင် မဲဆောက်မြို့ မယ်တောင်ကျေးရွာအုပ်စုရှိ အမှတ် (၃) ရပ်ကွက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တခုတွင် တရားမဝင် အထောက်ထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁၀ ဦး ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါ အလုပ်သမား ၁၀ ဦးကို ယမန်နေ့ မတ် ၂၅ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့် အချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားစီမံခန့်ခွဲရေးဌာနနှင့် ရဲတပ်ဖွဲ့တို့က ဝင်ရောက် စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ထုတ်ပြန်ချက်များ အရ သိရသည်။

“သူက တိုင်လို့ ဖမ်းတာမျိုး မဟုတ်ဘူး၊ ဝင်ရောက် စစ်ဆေးမှုတွေ ပြုလုပ်ရာမှ ဖမ်းဆီးခံရတာမျိုး ဖြစ်တယ်”ဟု မဲဆောက်မြို့ရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတဦးက ဆိုသည်။

လက်ရှိတွင် ထိုဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှု နှင့် တရားမဝင် အလုပ်လုပ်ကိုင်မှု တို့ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

မဲဆောက်မြို့ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် အချို့တွင် ထိုသို့ ဝင်ရောက်စစ်ဆေးမည်ကို သတင်းကြိုတင်ရထားသူများလည်းရှိကြောင်း သိရသည်။

“မနေ့က ဝင်စစ်တယ် ဆိုလို့ အချို့ အလုပ်တွေမှာ အလုပ်တွေ ရပ်နားထားတာ ရှိတယ်။ ဒီနေ့လည်း ထပ်ပြီး လိုက်စစ်ဦးမှာမို့ အလုပ်နားထားတယ်” ဟု စစ်မှုထမ်း သတင်းကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ပြီး အလုပ် လာလုပ်နေတဲ့ အသက် ၂၅ နှစ်အရွယ် လူငယ်က ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလနှင့် မတ်လထဲတွင် မဲဆောက်မြို့က နေရာအချို့ရှိ စားသောက်ဆိုင်များ၊ စျေးဆိုင်များနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်နိုင်သည့် လုပ်ငန်းများတွင် ထိုင်းအာဏာပိုင်များက ဝင်ရောက် စစ်ဆေးနေခြင်း ဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး