နိုင်ငံတကာမူးယစ်ဆေးကုန်သွယ်မှုတွင် တရုတ်ရာဇဝတ်ဂိုဏ်းက အဓိကလွှမ်းမိုးနေ

တရုတ်က အမေရိကန်တွင် တရားမဝင် ဆေးခြောက် စိုက်ပျိုးမှုများ လုပ်ဆောင်နေ (Cannabis.net)

The Singapore Post

စစ်ရေးလှုပ်ရှားမှုများမှသည် နိုင်ငံရေးကိစ္စများအထိ အခြားနိုင်ငံများ၏ ပြည်တွင်းရေးကိစ္စများတွင် တရုတ်၏ စိမ့်ဝင်ထိုးဖောက်လာမှုမှာ ပုံမှန်လှုပ်ရှားတခုလိုဖြစ်လာသည်။

တဖက်တွင်လည်း တရုတ်သည် ပြည်ပနိုင်ငံများ၏ စီးပွားရေးကို ထိခိုက်စေရန် ထိုနိုင်ငံများသို့ ၎င်းတို့ စက်မှုထုတ်ကုန်များကို ပို့ကာ ဒေသစက်မှုလုပ်ငန်းများကို ဖျက်ဆီးလျက်ရှိသည်။ အခြားတဖက်တွင်လည်း တရုတ်သည် တတိယကမ္ဘာရှိ ဆင်းရဲနွမ်းပါးသော နိုင်ငံငယ်များတွင် မြေယာများကို သိမ်းပိုက်ရန် ကြွေးမြီထောင်ချောက်ကဲ့သို့သော စီးပွားရေးမူဝါဒများကို အသုံးချသည်။ ထို့အပြင် တရုတ်နိုင်ငံသည် လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွင် ကမ္ဘာ၌ ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ သံတမန်ရေးအရ၊ စစ်ရေးအရ သို့မဟုတ် စီးပွားရေးအရ မထိုးဖောက်နိုင်သည့်နိုင်ငံများတွင် တရုတ်သည် မူးယစ်ဆေးဝါးမှောင်ခိုကူးသူများကို အသုံးချရန် ကြိုးစားသည်။

ယခုအခါ အမေရိကန် အိုကလာဟိုးမားပြည်နယ်၌ ဆေးခြောက်များ မှောင်ခိုရောင်းချမှုတွင် တရုတ်ရာဇဝတ်ဂိုဏ်း၏ သြဇာလွှမ်းမိုးမှုမှာ အရှိန်အဟုန်ကြီးမားလာသည်။ တရုတ်မှောင်ခိုသမားများသည် ကယ်လီဖိုးနီးယားမှသည် အိုကလာဟိုးမားပြည်နယ်နှင့် အခြားဒေသများသို့ ဆေးခြောက်မှောင်ခိုကူးလျက်ရှိပြီး အမေရိကန်နိုင်ငံတဝှမ်း ဆေးခြောက်မှောင်ခိုကူးမှုတွင် ပါဝင်သည့် အကြီးဆုံးသော အမေရိကန်မဟုတ်သည့် အကြီးမားဆုံးအဖွဲ့အစည်းဖြစ်သည်။

မူးယစ်မှောင်ခိုကူးမှုတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ပါဝင်နေသောကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ ပါဝင်ပတ်သက်မှုကို ငြင်းဆို၍မရနိုင်ကြောင်း စုံစမ်းစစ်ဆေးရေးအေဂျင်စီများက သတိပေးထားသည်။ ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီသည် ၎င်း၏ဝင်ငွေရလမ်းတိုးစေရန် ကိုလံဘီယာနှင့် တောင်အမေရိက အခြားဒေသများ၌ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်နေသည်ဟုလည်း စွပ်စွဲခံထားရသည်။ မူးယစ်ဆေးဝါးအကြီးဆုံးစျေးကွက်မှာ အမေရိကန်ဖြစ်ပြီး ကမ္ဘာတဝှမ်းရှိ မူးယစ်ဆေးမှောင်ခိုသမားများက ပို့ဆောင်ပေးကြသည်။ ထို့ပြင် တရုတ်မှောင်ခိုသမားများသည် ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ကျက်စားလျက်ရှိသည်။

အိုကလာဟိုးမား မူးယစ်ဗျူရို၏ အကြီးအကဲ ဒွန်နီအန်ဒါဆင်က တရုတ်ဖွဲ့ရာဇဝတ်အဖွဲ့များသည် အိုကလာဟိုးမားနှင့် အမေရိကန်၏အခြားနေရာများတွင် တရားမဝင် ဆေးခြောက်အမျိုးမျိုး ရောင်းဝယ်ဖောက်ကားမှုကို သိသိသာသာ တိုး၍လုပ်ဆောင်သည်။ တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်ရာတွင် တရုတ်မှောင်ခိုသမားများက အမေရိကသို့ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကြပြီး ၎င်းတို့အား ဓားစာခံအဖြစ် ဖမ်းဆီးကာ ဆေးခြောက်နှင့် အခြားမူးယစ်ဆေးဝါးများကို မှောင်ခိုကူးရန် ဖိအားပေးခိုင်းစေသည်။ အဆိုပါ တရုတ်မှောင်ခိုအဖွဲ့များသည် တရားမဝင် ရွှေ့ပြောင်းတရုတ်အမျိုးသမီးများကိုလည်း ပြည့်တန်ဆာအဖြစ် အတင်းအကျပ်ခိုင်းစေခဲ့သည်။

နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော တရုတ်နိုင်ငံသားများသည် ပိုမိုကောင်းမွန်သော ဘဝနေထိုင်မှုကို ရှာဖွေရန် ၎င်းတို့နိုင်ငံမှ ထွက်ခွာကာ မက္ကဆီကိုနှင့် အခြားလက်တင်အမေရိက နိုင်ငံများမှတဆင့် အမေရိကသို့ ရောက်ရှိလာကြသည်။ တရားဝင်ဗီဇာမရှိသည့်အတွက် ၎င်းတို့သည် အမေရိကသို့ရောက်ရှိပြီးနောက် မှောင်ခိုကူးမှုနှင့် ပြည့်တန်ဆာလုပ်ငန်းကဲ့သို့သော တရားမဝင်လှုပ်ရှားမှုများတွင် အတင်းအကျပ် ခိုင်းစေခံနေကြရသည်။

ထို့ပြင် တရုတ်နိုင်ငံတောင်ပိုင်းနှင့် အမေရိက၌အခြေစိုက်သည့် ရာဇဝတ်ဂိုဏ်းများ ပူးပေါင်းပတ်သက်မှုသည် အိုကလာဟိုးမားမြို့တော်တွင် မူးယစ်ဆေးမှောင်ခိုမှု ရုတ်တရက် မြင့်တက်လာခြင်း၏ နောက်ကွယ်က အဓိကအကြောင်းရင်းများအနက် တချက်ဖြစ်သည်။ အမေရိကတွင် နယူးယောက်ရာဇဝတ်ဂိုဏ်းသည် တရုတ်နိုင်ငံတောင်ပိုင်းမှ ဆေးခြောက်မှာယူကုန်ကူးသည့်ကွန်ရက်တစ်ခုလုံးကို ကိုင်တွယ်ထားပုံပေါ်သည်။ ကွန်မြူနစ်ပါတီ၏ လျှို့ဝှက်သောဝန်ဆောင်မှုစင်တာများစွာသည် တရုတ်နိုင်ငံတောင်ပိုင်းတွင် ရှိနေကြသည်။ ထိုစင်တာများကို သုံးဖွဲ့အစုဟုခေါ်ဆိုကြပြီး ၎င်းတွင် တောင်တရုတ်၊ နယူးယောက်နှင့် မြေပြင်အဖွဲ့ဝင်များ ပါဝင်ကြသည်။

လွတ်လပ်သော စည်းမျဉ်းဥပဒေကြောင့် အိုကလာဟိုးမားတွင် ဆေးခြောက်စိုက်ပျိုးခြင်း၌ ရင်းနှီးမြှုပ်နှံသော တိုင်းတပါးသားများအပေါ် ကန့်သတ်ချက်များ မရှိပေ။ ထို့ပြင် အိုကလာဟိုးများတွင် တန်ဖိုးနည်း လယ်ယာမြေနှင့် ပတ်ဝန်းကျင်အခြေအနေကောင်းများရှိမှုက ဆေးခြောက်စိုက်ပျိုးမှုတွင် တရားမဝင် ငွေရင်းနှီးမြှုပ်နှံရန် လူများအား ဆွဲဆောင်လျက်ရှိသည်။ ဆေးခြောက်နွယ်ဝင် လျှော်ပင်စိုက်ပျိုးခြင်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ပြီးလျှင် အမေရိကန်တွင် ဒုတိယမြောက် ဝင်ငွေအများဆုံးရနိုင်သည့် ကဏ္ဍဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ကော်လိုရာဒိုပြည်နယ်တွင် တကိုယ်ရေသုံးရန် ဆေးခြောက်လျှော်ပင်စိုက်ပျိုးခြင်းကို ခွင့်ပြုပေးခဲ့သည်။ ကော်လိုရာဒိုသည် အမေရိကန်တွင် ဆေးခြောက်စိုက်ရန် ခွင့်ပြုချက်ရရှိသည့် ပထမဆုံးပြည်နယ်ဖြစ်ပြီး ထိုအချိန်မှစ၍ ဆေးခြောက်နှင့်ပတ်သက်သည့်ဥပဒေများကို အမေရိကတွင် စတင်ပြဋ္ဌာန်းလာခဲ့သည်။ ပြည်နယ်အစိုးရက ဆေးခြောက်လျှော်ပင်စိုက်ပျိုးရန် လိုင်စင်ထုတ်ပေးခဲ့ပြီး ထုတ်လုပ်မှု ပမာဏအပေါ် ထိန်းချုပ်မှုများ ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဆေးခြောက်မှောင်ခိုဈေးကွက်ပေါ်ပေါက်လာပြီး အိုကလာဟိုးမားသည် တရားမဝင် ဆေးခြောက်ရောင်းချရာဗဟိုချက်အဖြစ် လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။ ဆေးခြောက်၏တရားမဝင်စျေးနှုန်းသည် တနေရာနှင့် တနေရာ ကွဲပြားနေသော်လည်း ၎င်း၏ မှောင်ခိုဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံမှ ၄၄ ဘီလီယံကြားရှိမည်ဟု ပြည်နယ်တာဝန်ရှိသူများက ခန့်မှန်းထားသည်။

ပြည်ပရာဇဝတ်ဂိုဏ်းများသည် အမေရိကတွင် တရားမဝင် ထုတ်လုပ်သူ ၃၀၀၀ ကျော်နှင့် ဆက်စပ်မှုရှိကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့ပြီး ၎င်းတို့အနက် ၈၀ ရာခိုင်နှုန်းကျော်သည် တရုတ်နွယ်ဖွားများဖြစ်သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တရုတ်ရာဇဝတ်ဂိုဏ်းများသည် တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှု အထူးသဖြင့် ဖန်တနိုင်းကဲ့သို့သော ဆေးပစ္စည်းများကို ရောင်းဝယ်သည့် လက်တင်အမေရိကဂိုဏ်းများအတွင်း လွှမ်းမိုးနိုင်ခဲ့သည်။ ဆေးခြောက်စျေးကွက်တွင် ၎င်းတို့၏ပါဝင်ပတ်သက်မှုသည် ကျယ်ပြန့်သော ကမ္ဘာတဝှမ်းရှိ တရားမဝင်ဘဏ်လုပ်ငန်းစနစ်ကဲ့သို့ပင် ကြီးမားသောဝင်ငွေစီးဆင်းမှုကို ဖြစ်စေခဲ့သည်။