တရုတ်ရန်စမှုကြီးထွားလာသည့်ကြား ဖိလစ်ပိုင်နှင့်ဂျပန်အား အခိုင်အမာကာကွယ်ရေး အမေရိကန် ကတိပြု

ပုံ-အမေရိကန်သမ္မတဘိုင်ဒင် ဝါရှင်တန်၌ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာတို့နှင့် တွေ့ဆုံစဉ် (ဓာတ်ပုံ/Reuters)

ANI

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ၏ တရားဝင်ခရီးစဉ်အပြီး တရက်အကြာ အိမ်ဖြူတော်သို့ ထပ်မံရောက်ရှိလာသော ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်အား ကြိုဆိုလျက် သုံးနိုင်ငံအကြား ပထမဆုံး ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ်အဖြစ်လက်ခံကျင်းပစဉ် ဂျပန်နှင့်ဖိလစ်ပိုင်အတွက် အမေရိကန်၏ ကာကွယ်ရေးဆိုင်ရာကတိကဝတ်များသည် မပြောင်းလဲဘဲ ခိုင်မာဆဲဖြစ်ကြောင်း ဧပြီ ၁၁ ရက်က ပြောကြားခဲ့သည်ဟု CNN က ဖော်ပြသည်။

ဒေသတွင်းတွင် တရုတ်စစ်တပ်က အင်အားပြလာမှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာချိန် အိန္ဒိယ၊ အမေရိကန်၊ သြစတြေးလျနှင့် ဂျပန်တို့ ပါဝင်သော အင်ဒို-ပစိဖိတ်ဒေသတွင်းအဖွဲ့ Quad ထူထောင်ပြီးနောက် အမေရိကန်-ဂျပန်-ဖိလစ်ပိုင် သုံးနိုင်ငံတွေ့ဆုံမှုပေါ်ပေါက်လာခြင်းဖြစ်သည်။

ဖိလစ်ပိုင်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများသည် ဖိလစ်ပိုင်နိုင်ငံ ပါလာဝမ်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ ခန့်အကွာတွင်ရှိသော Second Thomas Shoal ခေါ် ကျွန်းနှင့်ပတ်သက်ကြောင်း CNN က ဖော်ပြသည်။ ၁၉၉၀ ပြည့်နှစ်လွန်က ဖိလစ်ပိုင်သည် ၎င်း၏ နယ်မြေပိုင်ဆိုင်မှုကိုခိုင်မာစေရန် ကျွန်းပေါ်ရှိ ဒုတိယကမ္ဘာစစ်က အသုံးပြုခဲ့သော ရေတပ်ပို့ဆောင်ရေးသင်္ဘောဟောင်းတစင်းတွင် ရည်ရွယ်ချက်ရှိရှိ အခြေစိုက်ခဲ့သည်။ ယခုအခါ အဆိုပါသင်္ဘော၏ အစိတ်အပိုင်း အများစုမှာ သံချေးတက်ပျက်စီးနေပြီး ဖိလစ်ပိုင် မရိန်းတပ်သားများက အလှည့်ကျ တပ်စွဲနေကြသည်။

သို့သော် တရုတ်က နိုင်ငံတကာခုံရုံးဆုံးဖြတ်ချက်ကို လျစ်လျူရှုကာ ဖိလစ်ပိုင်၏ သီးသန့်စီးပွားရေးဇုန်အတွင်းတည်ရှိသော အဆိုပါကျွန်းအား တောင်တရုတ်ပင်လယ်တွင်းရှိ ၎င်း၏ပိုင်ဆိုင်မှုအဖြစ် အခိုင်အမာပြောဆိုထားသည်။

မကြာသေးမီက တရုတ်ကမ်းရိုးတန်းစောင့်သင်္ဘောများသည် ဖိလစ်ပိုင်သင်္ဘောပေါ်ရှိ တပ်ဖွဲ့များအား ရိက္ခာဖြည့်တင်းရန် လုပ်ဆောင်နေသော တပ်ဖွဲ့ဝင်များကို ရေအမြောက်များဖြင့် ပစ်ခတ်မှုကြောင့် ဖိလစ်ပိုင်သင်္ဘောသားများ ထိခိုက်ဒဏ်ရာရကာ ရေယာဉ်များလည်း ပျက်စီးခဲ့ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ဘိုင်ဒင်က ဖိလစ်ပိုင်-တရုတ်တင်းမာမှုကို ကိုးကားလျက် တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်လေယာဉ်၊ ရေယာဉ်သို့မဟုတ် လက်နက်ကိုင်တပ်ဖွဲ့များကို တိုက်ခိုက်လာပါက မိမိတို့၏ အပြန်အလှန်ကာကွယ်ရေးစာချုပ်အရ တုံ့ပြန်မည်ဖြစ်ကြောင်း ဧပြီ ၁၁ ရက်က ပြောကြားခဲ့သည်။

အာရှ-ပစိဖိတ်ဒေသတွင် သက်တမ်းအရင့်ဆုံးဖြစ်သော အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကြား ၁၉၅၁ ခုနှစ် အပြန်အလှန်ကာကွယ်ရေးသဘောတူစာချုပ်အရ နှစ်နိုင်ငံသည် တတိယအဖွဲ့အစည်းတခုမှ တိုက်ခိုက်လာသည့်အခါ အချင်းချင်း ကာကွယ်ပေးရမည့်တာဝန်ရှိသည်။

အစည်းအဝေး၌ တရုတ်၏ရန်လိုမှုအပေါ် ဖြေရှင်းမည့် အမေရိကန်၏ လက်ရှိကြိုးပမ်းအားထုတ်မှုများကို တင်ပြခဲ့ပြီး အကြီးတန်းအရာရှိတဦးက အမေရိကန်သည် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ လုပ်ရပ်များအပေါ် အလေးအနက် စိုးရိမ်ကြောင်း ပြောကြားသည်။

“သမ္မတဘိုင်ဒင်နဲ့ ဝန်ကြီးချုပ်ကီရှီဒါတို့ရဲ့ ထောက်ခံမှုနဲ့ သန္နိဋ္ဌာန်တွေဟာ မားကို့စ်နဲ့အတူ ရပ်တည်ပြီး အလှည့်အပြောင်းတိုင်းမှာ ဖိလစ်ပိုင်ကိုထောက်ခံဖို့နဲ့ အတူတွဲလုပ်ဖို့အသင့်ရှိကြောင်း အတိအလင်းပြသလိုက်တာပဲ” ဟု အမေရိကန်အရာရှိတဦးက ဆိုသည်။

“ဖိလစ်ပိုင်၊ ဂျပန်နဲ့ အမေရိကန်တို့ဟာ ငြိမ်းချမ်း တည်ငြိမ်ပြီး သာယာဝပြောတဲ့ အင်ဒို-ပစိဖိတ်ဒေသဖြစ်စေဖို့ တူညီတဲ့ရည်မှန်းချက်တွေနဲ့ လက်တွဲထားတဲ့ မိတ်ဆွေတွေအဖြစ် တွေ့ဆုံခဲ့ကြတာပါ။ သုံးနိုင်ငံဟာ ဒီမိုကရေစီ၊ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို အထူးအလေးထားပါတယ်။” ဟု မားကို့စ်က ပြောသည်။

မြောက်ကိုရီးယား၏ နျူကလီးယားခြိမ်းခြောက်မှုများနှင့် ၎င်းနှင့် ရုရှားတို့အကြား တိုးတက်လာသော ဆက်ဆံရေးအပါအဝင် ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အား တရုတ်က အခိုင်အမာတောင်းဆိုလာမှုအပေါ် စိုးရိမ်မှုများမြင့်တက်လာချိန်တွင် ယခုကဲ့သို့ သုံးနိုင်ငံတွေ့ဆုံမှု လုပ်ဆောင်လာခြင်းဖြစ်သည်။ အဆိုပါစိုးရိမ်မှုများက ဒေသတွင်းမဟာမိတ်များကို အမေရိကန်နှင့် ပိုမိုနီးကပ်သွားစေသည်။

ဂျပန်သည် အင်ဒို-ပစိဖိတ်ဒေသအတွင်း မဟာမိတ်များ အားကောင်းလာစေရန် သမ္မတဘိုင်ဒင်၏ ကြိုးပမ်းမှုတွင် အခရာအဖြစ် လှုပ်ရှားလာခဲ့သည်။ ဝန်ကြီးချုပ် ကီရှီဒါသည် မကြာသေးမီနှစ်များအတွင်း ဂျပန်နိုင်ငံ၏ ကာကွယ်ရေးဗျူဟာကို သိသိသာသာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက် ပူးပေါင်းဆောင်ရွက်သည့် မိတ်ဖက်တဦးအဖြစ် ရှုမြင်ခံခဲ့ရသည်။ ထို့ပြင် ဂျပန်သည် ရုရှား၏ကျူးကျော်မှုအပြီးတွင် ယူကရိန်းအား ဆက်လက်ပံ့ပိုးကူညီခဲ့ပြီး နိုင်ငံတကာလုံခြုံရေးအတွက် ၎င်း၏ကတိကဝတ်ကို ပြခဲ့သည်။ ကီရှီဒါသည် ၂၀၃၇ ခုနှစ်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ နှစ် ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့ပြီး အမေရိကန် Tomahawk ဒုံးကျည်များဝယ်ယူခြင်းဖြင့် ဂျပန်၏ တန်ပြန်တိုက်ခိုက်မှုစွမ်းရည်ကို မြှင့်တင်ထားသည်။

ဘိုင်ဒင်သည် သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးလက်ထက်တွင် ပျက်ပြားခဲ့သည့် ဖိလစ်ပိုင်နှင့် ခိုင်မာသော ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ယမန်နှစ်က အိမ်ဖြူတော်၌ မားကို့စ်ကို ကြိုဆိုတွေ့ဆုံခဲ့သည်။

အိမ်ဖြူတော်သည် ဖိလစ်ပိုင်နိုင်ငံ၌ အခြေခံအဆောက်အအုံဆိုင်ရာ စီမံကိန်းအသစ်တခုကို ကြေညာမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးဆိုင်ရာအကြီးတန်းအရာရှိတစ်ဦးက ဧပြီ ၁၁ ရက်က ပြောကြားခဲ့သည်။ ကြေညာချက်များအနက် တခုသည် ဖိလစ်ပိုင်နိုင်ငံ Clark လေတပ်စခန်းနှင့် Subic ရေတပ်စခန်းတို့ကြား ရထားလမ်းနှင့် သင်္ဘောစင်္ကြံအသစ် တည်ဆောက်ခြင်းဖြစ်ပြီး တရုတ်အား ရှင်းလင်းပြတ်သားသော သတင်းစကားပေးပို့ရန် ရည်ရွယ်သည့် လှုပ်ရှားမှုတခုဖြစ်ကြောင်း CNN က ယခုသီတင်းပတ်အစောပိုင်းတွင် ဖော်ပြခဲ့သည်။

စီးပွားရေးစင်္ကြံသည် ဒေသတခုလုံးရှိ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေပြီး သန့်ရှင်းသောစွမ်းအင်၊ ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ စိုက်ပျိုးရေးနှင့် တခြားအရာများစသည့် အနာဂတ်အတွက် အရေးပါသောကဏ္ဍများတွင် ပိုမိုရင်းနှီးမြှုပ်နှံသွားမည်ဟု ဆိုလိုကြောင်း ဘိုင်ဒင်က ပြောသည်။

အမေရိကန်သည် ဂျီ-၂၀ အစည်းအဝေးမတိုင်မီ အိန္ဒိယတွင် ကြေညာထားသည့်အတိုင်း အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုအသစ်ဖြင့် ဖိလစ်ပိုင်စစ်တပ်၏ စွမ်းဆောင်ရည်ကို တိုးမြှင့်မည်ဟုလည်း မျှော်လင့်ရသည်။

ဖိလစ်ပိုင်သင်္ဘောများသည် တောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘောများ၏ နှောင့်ယှက်မှုခံရသည်ဟု စွပ်စွဲပြီးနောက် အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် သြစတြေးလျနှင့်အတူ ထိပ်သီးအစည်းအဝေးမတိုင်မီက ဖိလစ်ပိုင်၏သီးသန့်စီးပွားရေးဇုန် (EEZ) အနီးတွင် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

အိမ်ဖြူတော်သည် ရေဒီယိုကွန်ရက်နည်းပညာနှင့် ပတ်သက်၍ ကြေညာချက်ထုတ်ရန်ရှိနေပြီး အမေရိကန်နှင့် ဂျပန်နှစ်နိုင်ငံစလုံးက ရန်ပုံငွေ ဒေါ်လာသန်းပေါင်းများစွာ ပံ့ပိုးပေးမည်ဟု အမေရိကန်အကြီးတန်းအရာရှိက ပြောသည်။ လာမည့်နှစ်တွင် အင်ဒို-ပစိဖိတ်အတွင်း ကမ်းခြေစောင့်တပ်ဖွဲ့ကင်းလှည့်မှုလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း အရာရှိများက အသိပေးခဲ့သည်။