ပျဥ်းခုံးကြီး ကျေးရွာကို စစ်ကောင်စီတပ် ၂ ရက် ဆက် မီးရှို့

ပုံအညွှန်း။ ။ မတ်လ ၁၉ရက်နေ့မှစ၍ သုံးရက်ဆက်တိုက်မီးရှို့ခံရသော ပျဥ်းခုံလေးရွာ မြင်ကွင်း (ဓာတ်ပုံ။ ။ CJ )

ပုံအညွှန်း။ ။ မတ်လ ၁၉ရက်နေ့မှစ၍ သုံးရက်ဆက်တိုက်မီးရှို့ခံရသော ပျဥ်းခုံလေးရွာ မြင်ကွင်း (ဓာတ်ပုံ။ ။ CJ )

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်းရှိ ပျဥ်းခုံးကြီးကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် မီးရှို့နေကြောင်း ဒေသခံများနှင့် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ ထံက သိရသည်။

အင်အား ၃၀၀ ပါ စစ်ကောင်စီ စစ်ကြောင်းသည် ယနေ့ ( ဧပြီလ ၁၃ ရက်) တွင် ပျဥ်းခုံးကြီးကျေးရွာကို မီးရှို့နေခြင်းဖြစ်ပြီး မီးလောင်သည့် အိမ်အရေအတွက်ကို မသိရသေးကြောင်း ဒေသခံက ဆိုသည်။

ယမန်နေ့ ( ဧပြီလ ၁၂ ရက် ) နံနက် ၄ နာရီ ဝန်းကျင်တွင် လက်နက်ကြီး ၊ လက်နက်ငယ်များ ပစ်ဖောက်ကာ ပျဥ်းခုံးကြီးကျေးရွာတွင်း စစ်ကြောင်းထိုးဝင်ရောက်ပြီး ထိုနေ့ ညနေ ၃ နာရီ မိနစ် ၄၀ ဝန်းကျင်တွင် ရွာကို မီးရှို့ခဲ့ရာ နေအိမ် လေးလုံး မီးလောင်သွားကြောင်း သိရသည်။

“လက်ရှိ ကလေးမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတယ်။ ကလေးအနောက်မြောက်ဘက်ခြမ်းရွာတွေကိုထိုးတာ မနေ့က ပျဥ်းခုံကြီးကို မီးရှို့ ဒီမနက်လည်း ထပ်ရှို့တယ်။ တိုက်ပွဲကြီးကြီးကျယ်ကျယ်တော့မရှိဘူး ။ ” ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

ပျဥ်းခုံကြီးရွာတွင် နေအိမ် ၃၀၀ ဝန်းကျင်ရှိပြီး လက်ရှိတွင် စစ်ကောင်စီတပ်က တပ်စွဲထားကြောင်း ဒေသခံထံသိရသည်။

ကလေးမြို့မှ ဧပြီလ ၅ ရက်တွင် ထွက်လာသည့် ထိုစစ်ကောင်စီ စစ်ကြောင်းသည် ဆည်ကြီးရွာသို့ ဝင်ရောက်ကာ ထိိုကျေးရွာအပါအဝင် အနီးရှိကျေးရွာများကို မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လနှင့်ယခုဧပြီလအတွင်း ကလေးမြို့နယ်မြောက်ပိုင်းရှိ ပျဥ်းခုံလေး၊ ပျဥ်းခုံကြီး၊ ဆည်ကြီး၊ ကျောင်းတိုက်စသော ကျေးရွာများမှ လူနေအိမ်များမီးရှို့ခံရ၍ အိမ်ခြေ ၃၀၀ကျော်မီးလောင်ဆုံးရှုံးသွားကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

ပြီးခဲ့သည့်မတ်လ ၁၉ရက်မှ ၂၁ ရက်အထိ သုံးရက်ဆက်ကာ စစ်ကောင်စီတပ်များသည် အိမ်ခြေ ၃၀၀ ရှိသည့် ပျဥ်းခုံလေးရွာအား မီးရှို့ခဲ့ရာ အိမ်ခြေ ၂၁၉လုံးပြာကျသွားကြောင်း ၎င်းအဖွဲ့ထံက သိရသည်။

ထို့ကြောင့် ပျဥ်းခုံးလေးကျေးရွာတွင် လက်ရှိတွင် ၁၀၉ အိမ်သာ ကျန်ရှိနေပြီး ဒေသခံများမှာလည်း စစ်ဘေးတိမ်းရှောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ကလေးမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်းမှ စတင်ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားသောတိုက်ပွဲများအတွင်း ကလေးမြို့မြောက်ပိုင်းကျေးများမှ ထောင်နှင့်ချီသော ဒေသခံများ စစ်ဘေးတိမ်းရှောင်လျက်ရှိကြောင်း ကလေးမြို့ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး