ပုံဟောင်းဖြင့် သတင်းတုဖန်တီးကာ PDF ရဲမေကို ပုံဖျက်တိုက်ခိုက်

JC

(မဇ္ဈီမ)။ ။ ပြည်သူ့ကာကွယ်ရေးတပ်က ရဲမေတယောက်ဟာ ကိုယ်ဝန်ကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်ဆိုပြီး ပုံနှစ်ပုံနဲ့အတူ သတင်းပျံ့နေပါတယ်။

နန်းငယ်တယ်လီဂရမ်ချန်နယ်ကနေ ဧပြီလ ၇ ရက်နေ့မှာ “ပဒက်မနိဂုံး လင်ကောင်မပေါ် ဗိုက်တစ်လုံးနဲ့ ယူကျုံးမရ သတ်သေကြ၏” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ဓါတ်ပုံနှစ်ပုံနဲ့အတူ ဖြန့်ဝေထားပါတယ်။ ဒီအကြောင်းကို ကြည့်ရှုသူ ၆,၂၀၀ ကျော်ရှိပါတယ်။

မဇ္ဈိမကနေ ဒီဓါတ်ပုံနဲ့အကြောင်းအရာကို အချက်အလက်စစ်ဆေးခဲ့တာမှာ ဖြစ်စဉ်နဲ့ အကြောင်းအရာ လွဲမှားနေပြီး ပုံဟောင်းကိုသုံးပြီး PDF ရဲမေကို ပုံဖျက်တိုက်ခိုက်ထားတာကိုတွေ့ရပါတယ်။

သတင်းတုမှာ သုံးထားတဲ့ ဓါတ်ပုံနှစ်ပုံထဲက ပထမပုံ ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့က မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ သံဖြူဇရပ်မြို့ကြားမှာရှိတဲ့ ကျားဖြူစစ်ကြောင်း တပ်စခန်းရှိတဲ့နေရာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တာကြောင့် ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁) က ရဲမေ မခင်သန္တာဆွေ ခေါ် မမြင့် နဲ့ ရဲဘော်နှစ်ယောက် ကျဆုံးခဲ့ရတဲ့ ဖြစ်စဉ်က ပုံပါ။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတာဖြစ်တဲ့အကြောင်းကိုလည်း ကျားဖြူစစ်ကြောင်း တပ်ခွဲ(၁) က ၂၀၂၃ မေလ ၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
လင့် – https://shorturl.at/bcot8 , https://shorturl.at/oHKM4

ဒီအကြောင်းကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာလည်း ၂၀၂၃ မေလကတည်းက ဓါတ်ပုံနဲ့တကွ ဖော်ပြခဲ့ကြပါတယ်။
လင့် – https://shorturl.at/cAEX2 , https://yktnews.com/2023/05/101735/

ဒုတိယပုံဟာလည်း ၂၀၂၃ မေလက ကျဆုံးခဲ့တဲ့ ကျားဖြူစစ်ကြောင်းက PDF ရဲမေ မခင်သန္တာဆွေ ရဲ့ ရုပ်အလောင်းပုံဖြစ်တဲ့အကြောင်းကို ကျားဖြူစစ်ကြောင်းက အတည်ပြုပါတယ်။

ဒါကြောင့် PDF ရဲမေ မခင်သန္တာဆွေဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတာဖြစ်ပြီး ကိုယ်ဝန်ကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်တယ်ဆိုတာဟာ တမင်လုပ်ကြံဖန်တီးပြီး PDF ရဲမေကို သိက္ခာကျအောင် ပုံဖျက်တိုက်ခိုက်ထားတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီထောက်ခံသူတွေဟာ တော်လှန်ရေးနယ်ပယ်က တက်ကြွလှုပ်ရှားသူအမျိုးသမီးတွေ၊ PDF ရဲမေတွေကို ဂုဏ်သိက္ခာကျဆင်းအောင် မကြာခဏ တိုက်ခိုက်လေ့ရှိတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း “ဓာတ်ပုံအဟောင်း အသုံးပြုပြီး သတင်းတုဖြင့် တော်လှန်ရေးရဲမေများကို ပုံဖျက်တိုက်ခိုက်” ဆိုပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တန်းစီပြီးရိုက်ထားတဲ့ဓာတ်ပုံတပုံနဲ့ PDF ရဲမေတွေကို ပုံဖျက် စော်ကား ရေးသားထားတာကို မဇ္ဈိမက အချက်အလက်စစ်ဆေးခဲ့ပါသေးတယ်။ လင့် – https://shorturl.at/itxE0

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။