မော်လ်ဒိုက်၏ ဒီမိုကရေစီဝါဒအခြေခံအဖွဲ့အစည်းများ ပျက်သုဉ်းခြင်းတွင် တရုတ်၏ ပါဝင်ပတ်သက်မှု

တရုတ်သမ္မတရှီကျင့်ဖျင်နှင့် မော်လ်ဒိုက်သမ္မတ မိုဟာမက်မွီဇူး

Daily Asian Age

မော်လ်ဒိုက်၏ ပြည်တွင်းနိုင်ငံရေးတွင် တရုတ်၏ဝင်ရောက်နှောင့်ယှက်မှုသည် ကျွန်းနိုင်ငံ၏ပြည်တွင်းနှင့် နိုင်ငံခြားရေးမူဝါဒများအတွက် ဆိုးရွားသောနိုင်ငံရေးအကျိုးဆက်များ ဖြစ်စေသည့် မသိချင်အဆုံး လျှို့ဝှက်ချက်တခုပင်ဖြစ်သည်။

တရုတ်အာဏာပိုင်များ အသုံးပြုသည့် ထိုနည်းပရိယာယ်များသည် မော်လ်ဒိုက်၏အချုပ်အခြာအာဏာ၊ ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်မှုနှင့် ဒေသတည်ငြိမ်ရေးတို့အတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်စေသည်။ ပိုဆိုးသည်မှာ ထိုသို့ဝင်ရောက်စွက်ဖက်မှုများသည် မော်လ်ဒိုက်တွင် အာဏာရရှိရေးတိုက်ပွဲဝင်နေသော နိုင်ငံရေးပါတီများအတွင်း အချင်းချင်းစိန်ခေါ်မှုများကို ဖြစ်စေသည်။

နိုင်ငံတခု၏ဒီမိုကရေစီစနစ်ကို တည်ငြိမ်စွာထူထောင်နိုင်ရန် ရည်ရွယ်ထားသည့် မော်လ်ဒိုက်နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများသည် ကြီးမားကျယ်ပြန့်သော ထိုကျုးကျော်မှုပုံစံများမှတဆင့် တရုတ်၏အဖျက်အမှောင့်နည်းဗျူဟာများ၏ သားကောင်ဖြစ်လာသည်။ တချို့နိုင်ငံရေးပါတီများကို ထောက်ခံရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ မကြာခဏတောင်းဆိုမှုကြောင့် တရုတ်သည် ရွေးကောက်ပွဲရာသီများတွင် အာဏာပြကာ လွှမ်းမိုးရန် ကြိုးပမ်းနေသည်ဟု အများက ယုံကြည်လာကြသည်။ ထို့ပြင် တချို့သောခေါင်းဆောင်များအား အကြီးစားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ပေးအပ်ခြင်းဖြင့် တရုတ်၏စိုးမိုးခြယ်လှယ်မှုသည် ၎င်း၏စေစားချက်များကို ဖြည့်ဆည်းပေးသည့် မော်လဒိုက်ရှိလူများအတွက်သာ အကျိုးရှိစေသည်။

အဆိုပါဖြစ်ရပ်များကြောင့် မော်လ်ဒိုက်တွင် လက်ရှိတည်ရှိနေသော ဒီမိုကရေစီစနစ်အပေါ် ကမ္ဘာ့အသိုက်အဝန်း၏ ခံယူချက်မှာ ကြီးကြီးမားမား သက်ရောက်မှုရှိလာသည်။ ပြည်တွင်း ဆုံးဖြတ်ချက်များ ချမှတ်ခြင်းအပေါ် ထိပါးလာခြင်းဖြင့် တရုတ်နိုင်ငံသည် မော်လ်ဒိုက်ရှိ ဒီမိုကရေစီအရင်းအမြစ်များကို တစတစ လျော့‌ပါးအောင် လုပ်ဆောင်လာနိုင်သည်။ တရုတ်- မော်လ်ဒိုက် ပူးပေါင်းဆောင်ရွက်မှုမျိုးစေ့များကို စိုက်ပျိုးခဲ့သူဟု သိကြသော မော်လ်ဒိုက်သမ္မတဟောင်း မာမွန်ဂိုင်ယွန်၏ လက်ထက်အတွင်း တရုတ်နှင့် မော်လ်ဒိုက်ဆက်ဆံရေးသည် စတင်တိုးတက်လာသည်။

သို့သော် တရုတ်၏ နှစ်ပေါင်းများစွာ ပါဝင်ပတ်သက်မှုသည် တာဝန်သိတတ်သောနိုင်ငံအနေအထားထက် သိသိသာသာ ကျော်လွန်သွားခဲ့သလို နှစ်နိုင်ငံ ထိတွေ့ဆက်ဆံမှုအဆင့်ကိုလည်း လွန်သွားခဲ့ပြီး မော်လ်ဒိုက်၏ရွေးကောက်ပွဲအစဉ်အလာများအထိပါ ဝင်ရောက်စွက်ဖက်လာသည်။ တရုတ်သည် လာမည့်ရွေးကောက်ပွဲများတွင် နိုင်ငံရေးအရ ပြန်လည်အရွေးခံရန် ကြိုးပမ်းသော အာဏာရပါတီက ကတိပြုထားသည့် လူမှုဖူလုံရေးအစီအစဉ်များတွင် ဒေါ်လာ သန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သည်။ ထို့ပြင် မော်လ်ဒိုက်အကောက်ခွန်ဝန်ဆောင်မှုဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်သည် ယခုအချိန်အထိ ကျွန်းနိုင်ငံသို့ ဒေါ်လာ ၄၈၈ သန်းတန်ဖိုးရှိ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ပေးပို့ထားသည်။ ၂၀၂၀ ခုနှစ်မတိုင်ခင်ကထိ တရုတ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၈၅ သန်းခန့်ရှိသည်။

နှစ်နိုင်ငံထိတွေ့ဆက်ဆံမှု အရှိန်အဟုန်မြင့်လာခြင်းသည် တရုတ်က မော်လ်ဒိုက်ထက် ၎င်း၏ အကျိုးစီးပွားဖြစ်ထွန်းရေး နိုင်ငံရေးအသာစီးရရန် ကြိုးပမ်းနေခြင်းကြောင့်ဖြစ်သည်။ ထင်ရှားသော စီမံကိန်းနှစ်ခုဖြစ်သည့် မာလေမြို့တော်ရှိ Velana အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ခြင်းနှင့် Sinamale တံတားတည်ဆောက်ပြီးစီးခြင်းတို့ကိုကြည့်ခြင်းဖြင့် တရုတ်၏လွှမ်းမိုးမှုကို သိနိုင်သည်။ တရုတ် Exim Bank က စီမံကိန်းနှစ်ခုစလုံးအတွက် အတိုးနှုန်းမြင့်ချေးငွေနှင့် ထောက်ပံ့ကြေးနည်းနည်းဖြင့် ပံ့ပိုးပေးထားသည်။

အဆိုပါစီမံကိန်းများကြောင့် နိုင်ငံတွင်းရှိ အများပြည်သူဆိုင်ရာနေရာများစွာကို အလွယ်တကူရောက်ရှိနိုင်သော်လည်း တည်ဆောက်မှုအတွက် ကုန်ကျစရိတ်သည် ငွေကြေးအရရော နိုင်ငံရေးအရပါ ရရှိရန် ရည်ရွယ်ထားသည့်အကျိုးအမြတ်ထက် များစွာကြီးမားနေသည်။ ထို့ပြင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် မော်လ်ဒိုက်သည် စီးပွားရေးဂယက်ရိုက်ခတ်မှုများကို စတင်ကြုံတွေ့နေရပြီဖြစ်သည်။

နှစ်နိုင်ငံအကြား ထိတွေ့ဆက်ဆံမှုများ မြှင့်တင်ပြီးကတည်းက မော်လ်ဒိုက်အစိုးရသည် ချေးငွေ အမေရိကန်ဒေါ်လာ ၁၉၆ သန်း၊ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၉ သန်းနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံမှ အမေရိကန်ဒေါ်လာ ၅၆ သန်း ယူထားပြီးဖြစ်သည်။ ထို့ပြင် ယမန်နှစ်က IMF သည် မော်လ်ဒိုက်အား ကြွေးမြီအကျပ်အတည်း ဖြစ်နိုင်ခြေမြင့်မားသောနိုင်ငံအဖြစ် သတ်မှတ်ကာ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးလာသော မော်လ်ဒိုက်အစိုးရအား အလေးအနက်သတိပေးခဲ့သည်။ သို့သော် မော်လ်ဒိုက်သည် တရုတ်ထံမှ ငွေကြေးအကူအညီယူမှု မရပ်တန့်ခဲ့ဘဲ ယခုနှစ်အစောပိုင်းက မော်လ်ဒိုက်သမ္မတ မိုဟာမက်မွီဇူးသည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

မော်လ်ဒိုက်သမ္မတသည် ယခုနှစ်အစောပိုင်း ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖြစ် မြှင့်တင်ခြင်းအပါအဝင် သဘောတူညီချက်ပေါင်း ၂၀ ကို လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းတို့တွင် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) အောက်ရှိ စီမံကိန်းများနှင့် အခြားသော ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများပြီးမြောက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခြင်းလည်းပါဝင်ပြီး တရုတ်၏ အကျိုးအမြတ်များသော ကမ်းလှမ်းမှုများကို မော်လ်ဒိုက်က စိတ်အားထက်သန်နေကြောင်း ပြသနေသည်။

သို့သော် အလုပ်လက်မဲ့နှင့် အစ္စလာမ္မစ်အစွန်းရောက်ဝါဒကဲ့သို့သော မော်လ်ဒိုက်၏ပြည်တွင်းရေးဖြစ်စဉ်ကို အနှောက်အယှက်ဖြစ်စေသည့် ပြဿနာများကို အလေးထားရမည့်အစား တရုတ်ထံမှ ကြွေးမြီ အများအပြား ထပ်မံယူနေသဖြင့် နိုင်ငံရေး သဘောထားကွဲလွဲမှု ဆက်ဖြစ်နေပြီး နိုင်ငံတွင်းရှိ အတိုက်အခံ နိုင်ငံရေး ပါတီများကို အထိတ်တလန့် ဖြစ်စေသည်။ လွှတ်တော်အစည်းအဝေးအတွင်း မကြာသေးမီက ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားမှုသည် နိုင်ငံရေးပါတီများအကြား ဆိုးရွားသောဆက်ဆံရေးအား အရှိန်မြင့်လာစေသည့် ပြည်တွင်းတင်းမာမှုများ၏ အဆုံးစွန်သော လက္ခဏာဖြစ်နိုင်သည်။

တရုတ်နိုင်ငံသည် မော်လ်ဒိုက်နိုင်ငံရေးတွင် ယခင်ကထက် ပိုမိုအရေးပါလာပုံရသဖြင့် သက်ဆိုင်သူများအကြား ပြည်တွင်းရေးအငြင်းပွားမှုများသည် ကပ်ရောဂါကာလအလွန် အခြေအနေအလွန်ကောင်းခဲ့သည့် မော်လဒိုက်၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေမည်ဖြစ်သည်။

အခြားတဖက်တွင် အိန္ဒိယနိုင်ငံသည် အစဉ်အလာမိတ်ဖက်တဦး၏ ဘက်ပြောင်းမှုကို ပညာသားပါပါ ကိုင်တွယ်ပြခဲ့သည်မှာ အံ့အားသင့်စရာပင်။ သို့သော် မော်လ်ဒိုက်၏ ဘက်ပြောင်းမှုသည် တရုတ်နှင့် ပိုမိုနီးကပ်စေရန် ကြိုးပမ်းသော အခြားတောင်အာရှနိုင်ငံများနည်းတူ ပေးဆပ်ရပေလိမ့်မည်။

မော်လ်ဒိုက်၏ ဒီမိုကရေစီမူဘောင်သည် တရုတ်၏ ဒီမိုကရေစီမဆန်သော ဝင်ရောက်စွက်ဖက်မှုများကို ခံနိုင်ရည်ရှိမည်လား သို့မဟုတ် မော်လ်ဒိုက် နိုင်ငံရေး အဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာသည် တရုတ်လွှမ်းမိုးမှုအောက်တွင် ယိမ်းယိုင်သွားမည်ဆိုသည်မှာ မေးခွန်းထုတ်စရာပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ မော်လ်ဒိုက်၏ပြည်တွင်းနိုင်ငံရေးတွင် တရုတ်ဝင်ရောက်စွက်ဖက်မှုသည် မော်လ်ဒိုက်အချုပ်အခြာအာဏာနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးကိုသာမက ဒေသတခုလုံးကိုပါ ထိခိုက်စေသည်ဟု ယူဆရသည်။