နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို အကျဉ်းထောင်မှသည် နေအိမ်သို့ရွှေ့ပြောင်း

မဇ္ဈိမ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို ထောင်မှသည် နေအိမ်သို့ ပြောင်းရွှေ့လိုက်ကြောင်း မဇ္ဈိမက ကနဦး စုံစမ်းသိရရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှသည် နေပြည်တော်ရှိနေအိမ်သို့ ယနေ့ နံနက် (ဧပြီ ၁၆ ရက်) တွင် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော်ရှိ သတင်းရင်းမြစ်တခုက ပြောသည်။

အသေးစိတ်ကို မပြောပြသော်လည်း ” မနက်က သူ့အိမ်သန့်ရှင်းရေးအပြီး” ရွှေ့ပြောင်းခဲ့သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို ချုပ်နှောင်ထားရာထောင်များမှသည် နေအိမ်သို့ရွှေ့ပြောင်းထားလိုက်ကြောင်း အလဲဗင်းမီဒီယာက စတင်သတင်းဖော်ပြ​ပြီးနောက် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဗွီအိုအေမြန်မာပိုင်းသို့ အတည်ပြုခဲ့သည်။

စစ်အာဏာမသိမ်းခင်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် နေပြည်တော် ဇမ္ဗူသီရိဲမြို့နယ်၊ မြနန်းဘုံသာလမ်း၊ ခြံအမှတ် A-33 တွင် နေထိုင်ခဲ့သည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းသောအခါ နေအိမ်တွင် စစ်သားများက လာရောက်ဖမ်းဆီးခဲ့ပြီး လျို့ဝှက်သောနေရာတခုသို့ ရွှေ့ထားခဲ့သည်။ ထို့နောက်တွင်မှ နေပြည်တော်အချုပ်ထောင်သို့ ပို့ဆောင်ခဲ့သည်။

သမ္မတဦးဝင်းမြင့်ကိုလည်း တောင်ငူထောင်မှသည် နေပြည်တော်အိမ်သို့ ရွှေ့ပြောင်းထားလိုက်သည်ဟု သိရသည်။

နှစ်ဆန်းတရက်နေ့တွင်် နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်အချို့ကို လွှတ်ပေးခြင်းလုပ်လိမ့်မည်ဟု သတင်းရင်းမြစ်တခုက ပြောသည်။ လွတ်မြောက်လိမ့်မည်ဟု ပြောသောသူတွင် NLD ၏ နာယကတဦးဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၏လူယုံတဦးဖြစ်သော ဦးဝင်းထိန်ပါဝင်သည်။ မဇ္ဈိမအနေဖြင့် သီးခြားသတင်းရင်းမြစ်များ၏ အတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။

နိုင်ငံရေးအကျဉ်းသားများ၏အမှုများလိုက်ပါဆောင်ရွက်ပေးနေကြသူ ရှေ့နေများပင်လည်း ယခုကဲ့သို့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်၍ မသိရှိနိုင်သေးဘဲဖြစ်နေသည်။

စစ်ကောင်စီနှင့် နီးစပ်သော သတင်းရင်းမြစ်တခုက ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ဆုံခွင့်ရရန် တရုတ်သံအမတ်က တောင်းဆိုထားသည်ဟု ဆိုသည်။