ပြင်ဦးလွင် စစ်တက္ကသိုလ် ရှော့တိုက်ဒုံးပစ်ခံရတဲ့ ဗီဒီယိုဖိုင်အလွဲ

ZZ
မဇ္ဈိမ ။ ။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ရှိတဲ့ စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခဲ့တဲ့ ရုပ်သံဖိုင်တွေ ဖေ့ဘုတ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။

ဗိုလ်မိုးကြိုး (Bo Moe Joe) ဆိုတဲ့ ဖေ့စ်ဘုတ်အကောင့်ကနေ ဧပြီ ၁၄ ရက်နေ့မှာပဲ “မေမြို့သို့မဟုတ်ပြင်ဦးလွင်။ အလုံး ၇၀နီးနီးပစ်ခတ်။ ဗိုလ်အလောင်းလေးတွေ တော်တော်များတယ်ဆိုပဲ”လို့ရေးသားထားပြီး ရုပ်သံဖိုင်တစ်ခုနဲ့အတူ ဖြန့်ဝေခဲ့တာပါ။

ရုပ်သံဖိုင်ထဲမှာ မီးလင်းနေတဲ့ နေရာတနေရာကို ဒုံးကျည်ကျရောက်ပြီးနောက်မှာ အလင်းရောင်ဖြာထွက်လာတာကိုတွေ့ရပါတယ်။ ဒီရုပ်သံဖိုင်ကို ကြည့်ရှုသူ ၃,၀၀၀ ကျော်ထိရှိနေပါပြီ။

ထပ်မံပြီး ဧပြီ ၁၄ ရက်နေ့မှာပဲ အဆိုပါအကောင့်ကနေ “အသံမကြားရဘူးလို့ပြောတဲ့သူများအတွက် ပြူးလွင်သို့ ရှော့တိုက်ခြင်းရောင်ခြည်တော်ကွန့်မြူး” (မူရင်းအရေးအသားအတိုင်း) လို့ရေးသားပြီး ရုပ်သံဖိုင်နောက်တခုကိုလည်း ဖြန့်ဝေထားပါသေးတယ်။

ဒီရုပ်သံဖိုင်ထဲမှာတော့ ဒုံးကျည်တွေပစ်နေတာကို နေရာတနေရာကနေ ရိုက်ကူးထားတာဖြစ်ပြီး ဒုန်းကျည်ပစ်ခတ်နေတဲ့ အသံပါ ပါဝင်ပါတယ်။ ဒီဖိုင်ဟာကြည့်ရှုသူ ၃၀,၀၀၀ နီးပါးအထိရှိနေပါပြီ။ အခြားသော ဖေ့စ်ဘုတ်အကောင့်တွေမှာလဲ ပြန်လည်ဖြန့်ဝေနေတာတွေ တွေ့ရပါတယ်။

ဒီပို့စ်တွေရဲ့ မှတ်ချက်အချို့မှာ မြန်မာနိုင်ငံက ရုပ်သံဖိုင်မဟုတ်ဘဲ အစ္စရေးနဲ့ အီရန်တို့ဘက်က ရုပ်သံဖိုင်ဖြစ်တဲ့အကြောင်း ရေးသားမှုတွေလည်း ရှိတာကို တွေ့ရပါတယ်။

မဇ္ဈိမကနေ ဒီရုပ်သံဖိုင်တွေကို စခရင်ရှော့ရိုက်ယူပြီး ဂူဂဲလ်မှာ စစ်ဆေးခဲ့တာမှာ ဒီရုပ်သံဖိုင်ဟာ မြန်မာနိုင်ငံက ရုပ်သံဖိုင်မဟုတ်တဲ့အကြောင်း တွေ့ရပါတယ်။
ဒီဖိုင်ကို X လူမှုကွန်ရက်မှာ “Sentletse” လို့အမည်ရတဲ့ အကောင့်အသုံးပြုသူ တဦးက ဧပြီ ၁၄ ရက်နေ့ မနက် မှာ အစောဆုံးတင်ထားတာကို တွေ့ရပါတယ်။ သူ့ဖော်ပြမှုထဲမှာ အီရန်နိုင်ငံက ပစ်ခတ်တဲ့ ဒုံးကျည်တွေဖြစ်ကြောင်း ရေးသားထားပါတယ်။ လင့် – https://shorturl.at/yDFM0

တခြား X လူမှုကွန်ရက် အသုံးပြုသူတွေကလည်း ဒီဖိုင်ကိုပဲ ဖော်ပြကြပြီး အီရန်က အစ္စရေးကို ငါးနာရီအတွင်း ဒုံးကျည် ၂၂၁ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားကြပါတယ်။ လင့် – https://shorturl.at/byBY3 , https://shorturl.at/kAM58 , https://shorturl.at/mqwBT

ဒုံးကျည်တွေပစ်ခံရတဲ့ ရုပ်သံဖိုင်ဟာလည်း “Eren 𝕮🇹🇷” ဆိုတဲ့ အကောင့်ကနေ ဧပြီ ၁၄ ရက်နေ့ မနက် မှာပဲ အစောဆုံးဖော်ပြထားတာကိုတွေ့ရပါတယ်။ လင့် https://shorturl.at/jrARZ

ဒါ့အပြင် အီရန်နိုင်ငံက အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့အကြောင်းကို ဒီဖိုင်နဲ့ပဲ ယူကျုချန်နယ်အချို့က ဖြန့်ဝေထားပါတယ်။ လင့် – https://shorturl.at/pAISW , http://surl.li/speyu , http://surl.li/spezc

ပြင်ဦးလွင် စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတဲ့အကြောင်း လွတ်လပ်တဲ့ သတင်းဌာန တွေမှာ သတင်းရေးသားဖော်ပြထားကြပေမယ့် ရုပ်သံဖိုင်တော့ ဖော်ပြထားတာကိုမတွေ့ရသေးပါဘူး။ လင့် – https://shorturl.at/svMQX , http://surl.li/spfcb , http://surl.li/spfcf

ဒီတိုက်ခိုက်မှုမှာတော့ ပြင်ဦးလွင် သစွာလမ်းပေါ်က ဘုန်းကြီးကျောင်းနှင့် ဆေးရုံပေါ်ကို ကျည်ကျရောက်မှုလည်းရှိခဲ့ပြီး အနည်းဆုံး လူခြောက်ဦး သေဆုံး ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတဦးက မဇ္ဈိမကို ပြောပါတယ်။

ဒေသတွင်း သတင်းတွေထုတ်ပြန်တဲ့ မေမြို့ဟစ်တိုင်လူမှုကွန်ရက်စာမျက်နှာမှာ ဆေးရုံရဲ့အရိုးအကြောဌာနကို ရှော့တိုက်ဒုံးကျရောက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေရဲ့ ပုံတွေကို ပြသထားပါတယ်။

ပြင်ဦးလွင်စစ်တက္ကသိုလ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့တယ်ဆိုတာ ဖြစ်စဉ်မှန်ပါတယ်။ သို့သော်လည်း အခုပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တွေကတော့ ဒီဖြစ်စဉ်အမှန်ပေါ်ကို အခြေခံပြီး အများပြည်သူ ယုံမှားအောင် အခြားနိုင်ငံက ရုပ်သံဖိုင်တွေကို အသုံးချပြီး ဖြန့်နေတဲ့ သတင်းတုပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။