နိုင်ကျဉ်း ၄၀၀ ကျော်ရှိသည့် ပုသိမ်အကျဉ်းထောင်မှ လွတ်မြောက်လာသူ နိုင်ကျဉ်း ၄ ဦးရှိ

ဓာတ်ပုံ - ပုံဟောင်း

မင်းထက် (မဇ္စျိမ)။ ။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ နိုင်ငံရေးအကျဉ်း ၄၀၀ ကျော်ရှိသည့် ပုသိမ်အကျဉ်းထောင်မှ ယနေ့ (ဧပြီလ ၁၇ ရက်) နှစ်ဆန်းတရက်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက ပြန်လွှတ်ပေးသူများအနက် နိုင်ကျဉ်းလေးဦး ပါဝင်ကြောင်း မြို့ခံများထံမှ သိရသည်။
ဧရာဝတီတိုင်းရှိ ပုသိမ်ထောင်မှ အကျဉ်းသား ၅၅ ဦး လွတ်မြောက်လာသည့်ထဲတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် အကျဥ်းကျခံနေရသည့် နိုင်ငံရေးအကျဥ်းသား လေးဦးသာ ပါဝင်လာခြင်း ဖြစ်သည်။
လွတ်မြောက်လာသည့် နိုင်ကျဥ်းများမှာ လွတ်ရက်စေ့ရန် လပိုင်းသာလိုတော့သည့် ပုသိမ်မှ နိုင်ကျဥ်း နှစ်ဦးနှင့် ကျုံပျော်မှ နိုင်ကျဥ်း နှစ်ဦးကြောင်း သိရသည်။
“(ထောင်ဒဏ်) တနှစ်နဲ့ တနှစ်အထက်ကျန်တဲ့ နိုင်ကျဥ်းတွေ လွှတ်တဲ့အထဲ ပါမလာဘူး”ဟု နိုင်ကျဥ်းမိသားစုဝင် တဦးက မဇ္ဈိမကို ပြောသည်။
လွတ်မြောက်လာသည့် နိုင်ကျဥ်းများအား ခံဝန်လက်မှတ်များ ထိုးခိုင်းပြီးမှသာ အကျဥ်းဦးစီးတာဝန်ရှိသူများနှင့် ဧရာဝတီတိုင်း စစ်ကောင်စီအဖွဲ့ဝင်များက ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူကပြော သည်။
အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ ၃,၃၀၃ ဦးကို ပြန်လွှတ်ပေးကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်ထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ ဧပြီ ၁၂ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းထားသည့် သုံးနှစ်ကျော်အတွင်း လူပေါင်း ၂၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယင်းအနက် ၉,၀၀၀ နီးပါးမှာ ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်