ကမ္ဘောဒီးယားရှိ တရုတ်တူးမြောင်းက စစ်ရေးအရ အသုံးပြုလာနိုင်

ယခင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် / ဓါတ်ပုံ − အေအက်ပီ

ယခင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် / ဓါတ်ပုံ − အေအက်ပီ

Bangkok Post

အမေရိကန်အတွက် သတိထားစရာ ဖြစ်နေသော တရုတ်ရန်ပုံငွေ အခြေခံအဆောက်အအုံစီမံကိန်းမှာ ကမ္ဘောဒီးယားတွင် အဆိုပြုထားသည့် တူးမြောင်းတခုပဲ ဖြစ်သည်။

အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံအတွင်း တရုတ်၏ စစ်ရေးတည်ရှိမှုကို မြှင့်တင်ရန် အသုံးပြုလာနိုင်ပြီး ဗီယက်နမ်နှင့် အခြားသော အိမ်နီးချင်းနိုင်ငံများအတွက် ဖြစ်နိုင်သော လုံခြုံရေး ခြိမ်းခြောက်မှု ရှိနေသည်ဟု စောင့်ကြည့်သူများက ဆိုသော စီစဉ်ထားသည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံတန် တူးမြောင်းနှင့် ပတ်သက်ကာ ပိုမို၍ ပွင့်လင်းမြင်သာမှုရှိရန် ကမ္ဘောဒီးယားကို အမေရိကန်က တိုက်တွန်းလျက် ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာက ရပ်ဝန်းနှင့် လမ်းပိုင်း ထိပ်သီးအစည်းအဝေးအတွင်း တရုတ်နိုင်ငံပိုင် China Bridge and Road Corporation က သဘောတူညီချက်ချ ရရှိခဲ့သည့်နောက် ဖနွမ်းပင်မှ ကပ်ကမ်းရိုးတန်းပြည်နယ်အထိ ကီလိုမီတာ ၁၈၀ ခန့် (၁၁၁ ဒသမ ၈၅ မိုင်) ရှည်သော Techo Funan Canal တူးမြောင်း တည်ဆောက်ရေးကို ယခုနှစ်နှောင်းပိုင်းတွင် စတင်ရန် ရက်သတ်မှတ်ထားသည်။

“အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဒေသက ပြည်သူတွေနဲ့အတူ ကမ္ဘောဒီးယားပြည်သူတွေအနေနဲ့ ဒေသတွင် ရေစီမံခန့််ခွဲမှု၊ စိုက်ပျိုးရေး အကျိုးရှိစေမှုနဲ့ လုံခြုံရေးတွေအတွက် ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေအပေါ် အာမခံချက် ပေးတဲ့ ပွင့်လင်းမြင်သာမှုမျိုးကို ရရှိရမှာ ဖြစ်တယ်”ဟု အဆိုပါ တူးမြောင်းစီမံကိန်းနှင့် စပ်လျဉ်း၍ Bloomberg ၏ မေးမြန်းမှုကို ဖနွမ်းပင်ရှိ အမေရိကန်သံရုံးမှ ပြည်သူ့ဆက်ဆံရေးတာဝန်ရှိသူ ဝီစလေဟော်ဇာက ပြောသည်။

တူးမြောင်းမှာ စီးပွားရေးလုပ်ဆောင်မှုများအား မြှင့်တင်ရန်အတွက်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း ယခင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောထားသည်။

ကမ္ဘောဒီးယား၏ ပထမဆုံး ကုန်းတွင်းမြစ်ကြောင်းတူးဖော်မှု စီမံကိန်းဖြစ်သည့် အဆိုပါ Techo Funan တူးမြောင်းအား အပြီးအစီး တည်ဆောက်ရန် အချိန် လေးနှစ်ခန့် ယူရမည်ဖြစ်ပြီး တူးမြောင်းမှ စူးအက်တူးမြောင်းထက် ၁၀ မိုင်ခန့် ပိုတိုတောင်းမည် ဖြစ်သည်။ များစွာသော အခြေခံအဆောက်အအုံ စီမံကိန်းများအတိုင်းပင် ယင်းတူးမြောင်းကိုလည်း စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနိုင်ခြေရှိပြီး အိမ်နီးချင်း ဗီယက်နမ်နိုင်ငံအတွက် စိုးရိမ်ပူပန်မှု ဖြစ်ပေါ်စေသည်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း ပထမဆုံး ပြည်ပအခြေစိုက်စခန်း တရုတ်က တည်ဆောက်နေသည်ဟု အမေရိကန်က ယူဆထားသော ထိုင်းပင်လယ်ကွေ့မှ စစ်သင်္ဘောများ ပို့ဆောင်မှုကို ယခု ကမ္ဘောဒီးယား တူးမြောင်းက ကူညီပေးနိုင်သည်ဟု စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။

ထိုပြင် မဲခေါင်မြစ်မှ ရေလမ်းကြောင်းပြောင်းခြင်း အပါအဝင် တူးမြောင်း၏ သဘာဝပတ်ဝန်းကျင် သက်ရောက်မှုများကိုလည်း စိုးရိမ်ပူပန်များ ရှိနေသည်။

“ဒီစီမံကိန်းရဲ့ ဖြစ်နိုင်တဲ့ သက်ရောက်မှုတွေကို နားလည်ဖို့၊ လက်ခံဖို့နဲ့ ပြင်ဆင်ဖို့ မဲခေါင်မြစ်ကော်မရှင်နဲ့ အဖွဲ့ဝင်နိုင်ငံတွေကို ကူညီဖို့ရာမှာ စီမံကိန်းနဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ်အချက်အလက်တွေ ပေးပြီး ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းတယ်”ဟု ဟော်ဇာက ဆိုသည်။

ဗီယက်နမ်ကလည်း သဘာဝပတ်ဝန်းကျင် စိုးရိမ်ပူပန်မှုအား ဖော်ပြပြီး ရေအရင်းအမြစ်နှင့် သဘာဝပတ်ဝန်းကျင်တို့အပေါ် “စီမံကိန်း၏ သက်ရောက်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက်နှင့် အကဲဖြတ်ချက်များ ဗီယက်နမ်နှင့် အခြားသော နိုင်ငံများကို မျှဝေပြီး ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘောဒီးယားဘက်အား မေတ္တာရပ်ခံကြောင်း” ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ပြောခွင့်ရသူ ဒိုအန်းခဗီယက်က ပြောခဲ့သည်။

ထင်မြင်ချက်ပေးရန် တောင်းဆိုမှုအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်း မတုံ့ပြန်ပေ။