နိုင်ကျဥ်း ၅၀၀ ခန့်ရှိ ကျိုက်မရောထောင်မှ နိုင်ကျဉ်းအမျိုးသမီး ၃ ဦးသာ လွတ်ငြိမ်းပါ

ပုံအညွှန်း-ကျိုက်မရောဗဟိုအကျဉ်းထောင် (ပုံဟောင်း)

ဂျူချန်း

မဇ္ဈိမ။ ။ နိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့်ရှိသော မွန်ပြည်နယ်၊ ကျိုက်မရောထောင်မှ နိုင်ငံရေးအကျဉ်းသားအမျိုးသမီးသုံးဦးသာ စစ်ကောင်စီ၏ လွတ်ငြိမ်းတွင်ပါဝင်လာကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီမှ ယနေ့ လွတ်ငြိမ်းပေးရာ၌ ကျိုက်မရောအကျဉ်းထောင်မှ စုစုပေါင်းအကျဉ်းသား ၂၀ ဦးလွတ်မြောက်လာခဲ့သည်ဟု အကျဉ်းထောင်နှင့်နီးစပ်သည့် သတင်းရင်းမြစ်တဦးကပြောသည်။

“အယောက် ၂၀ မှာ နိုင်ကျဉ်းအမျိုးသမီး သုံးယောက်ပါတယ်။ နိုင်ကျဉ်းအမျိုးသားတော့ မပါဘူးဗျ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။

ပြန်လည်လွတ်မြောက်လာသူသုံးဦးမှာ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် မဟန်နီကျော်သက်၊ မအိအိမိုးနှင့်မနှင်းနှင်းရီတို့ဖြစ်ကြောင်းနှင့် မဟန်နီကျော်သက်၌ ခုနစ်လသားအရွယ်ကလေးငယ်ရှိကြောင်းသိရပြီး ၎င်းတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။

ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားအမျိုးသား ၃၀၀ ကျော်နှင့် အမျိုး သမီး၁၈၀ ကျော်ရှိပြီး ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများသည် ထောင်ဒဏ် ငါးနှစ်နှင့်အထက် ကျခံနေရသူများဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီသည် ယနေ့(ဧပြီလ ၁၇ ရက်)တွင် မြန်မာနှစ်ကူးအထိမ်းအမှတ်အနေဖြင့် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသူ၊ အကျဉ်းသား ၃,၃၀၃ ဦးကို လွတ်ငြိမ်းခွင့်ပြုခဲ့သည်။ ပြန်လည်လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ပါဝင်မှုနည်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကော်မတီဝင် ဦးသိုက်ထွန်းဦးက မဇ္ဈိမကိုပြောသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများသည် လွတ်ကာနီးအကျဥ်းသားများဖြစ်ပြီး နိုင်ငံရေးအရဖြေလျှော့မှုပြုလုပ်နေကြောင်း စစ်ကောင်စီက နိုင်ငံတကာကိုပြလို၍ လွတ်ငြိမ်းပေးခြင်းဟု နိုင်ငံရေးအကျဥ်းသားဟောင်းတဦးကပြောသည်။

ယနေ့ စစ်ကောင်စီ၏ လွတ်ငြိမ်းတွင် မန္တလေးအကျဉ်းထောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း၊ မြစ်ကြီးနားထောင်မှ NLD အစိုးရလက်ထက် ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးဇော်ဝင်း၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဟောင်းဒေါက်တာ ခလမ်ဆန်ဆွန် တို့ လွတ်မြောက်လာခဲ့ကြသည်။ ထို့အပြင် ဧရာဝတီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှ အကျဉ်းသား ၄၅ ဦး လွတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဥ်းသား လေးဦးသာ ပါဝင်ကြောင်း ပုသိမ်အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

စာတည်း – အေးချမ်း