ချီပါရွာကို စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်ထိုးလာပြီး ဒေသခံများ၏ ပစ္စည်းများယူဆောင်နေဟုဆို

စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံများဘေးလွတ်ရာသို့ တိမ်းရှောင်နေကြစဉ်။

MTO

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာကို ဧပြီလ ၁၈ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးလာပြီး ဒေသခံများ၏ နေအိမ်ပေါ်ရှိ ပစ္စည်းများ ယူဆောင်နေသည်ဟု Shwebo Crocodile အဖွဲ့ ခေါင်းဆောင် ဗိုလ်မိကျောင်းကပြောသည်။

“ချီပါကျေးရွာထဲကို လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာပြီး ရွာထဲမှာအထိုင်ချတပ်စွဲထားတယ်။ မနေ့ ညပိုင်းက ပြည်သူတွေရဲ့ အိုးအိမ်ပစ္စည်းတွေကို သယ်ထုတ်နေတယ်လို့ သတင်းရရှိတယ်” ဟု ၎င်းကပြောသည်။

ယမန်နေ့ မနက်ပိုင်းအချိန်တွင် ရွှေဘိုမြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် မင်းကုန်းရွာ၊အိုးဘိုရွာတို့မှတဆင့် ချီပါကျေးရွာသို့ ရောက်ရှိလာပြီးနောက် ကျေးရွာအတွင်း အထိုင်ချကာ ညပိုင်းအချိန်တွင် ကားများဖြင့် ပစ္စည်းများသယ်ဆောင်ကြခြင်းဖြစ်သည်ဟု Shwebo Crocodile အဖွဲ့ ခေါင်းဆောင် ဗိုလ်မိကျောင်းက ထပ်ဆင့်ရှင်းပြသည်။

“နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့လာတာလား ၊ ရိက္ခာသယ်ယူရေးအတွက် လာတာလားတော့ မကွဲ သေးဘူး။ ဒီဘက်မှာ သူတို့ ထောက်ပို့လုပ်စရာက ဆိပ်ခွန်ကျေးရွာ အထိုင်စခန်း နဲ့ ပလိုင်းကျေးရွာ အထိုင်စခန်းရှိမယ်” ဟု ၎င်းကပြောသည်။

အဆိုပါစစ်ကြောင်းကြောင့် ချီပါကျေးရွာမှ ဒေသခံများ အပါအဝင် အနီးအနားကျေးရွာများက ထောင်နှင့်ချီသည့် ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် အင်းအား ၅၀ စီပါ စစ်ကြောင်း နှစ်ကြောင်းဖြင့် ဝင်ရောက်လာပြီးနောက် ယနေ့ (ဧပြီလ ၁၉ ရက်)နေ့လယ်ပိုင်းအချိန်ထိ ချီပါကျေးရွာထဲတွင်ရှိနေပြီး အခြေအနေစောင့်ကြည့်နေဆဲဖြစ်သည်ဟု ဗိုလ်မိကျောင်းက ဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ ကလည်း ရွှေဘိုမြို့ တောင်ဘက်အထွက် မုဒ်ပေါက်မှ စစ်ကောင်စီတပ်ဖွဲ့ များသည် မြို့အနောက်ခြမ်းသို့ လက်နက်ကြီးဖြင့် သုံးချက်ခန့် ပစ်ခတ်မှုများ ပြလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ