ကျိုက်ထိုခရိုင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့ ၂ ဦး ပစ်သတ်ခံရ

ဘီးလင်းမြို့တနေရာ

YT

(မဇ္ဈိမ)။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတဦးနှင့် ရာအိမ်မှူးတဦးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးမှု ယမန်နေ့ (ဧပြီလ ၁၈ ရက်နေ့) က ဖြစ်ပွားခဲ့သည်။

ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်းသည် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် သေနတ်သမားများ၏ လုပ်ကြံမှုကြောင့် သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုလုပ်ကြံမှုသည် ဧပြီလ ၁၈ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီလက်အောက်တွင် အလုပ်လုပ်ကိုင်နေသော အုပ်ချုပ်ရေးမှူး ဦးတင်ငြိမ်း (အသက် ၅၈ နှစ်) သည် ရင်အုံ၊ နံရိုး၊ လက်ကောက်ဝတ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ဒေသခံများက ဆိုသည်။

ပစ်သတ်ခံရသူ နောက်တဦးမှာ ကျိုက်ထိုမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ငပိစစ်ကွက်သစ် ရာအိမ်မှူး ဦးအောင်ကျော်ဖြစ်ပြီး ယမန်နေ့၊ နံနက် ၆ နာရီဝန်းကျင်တွင် ၎င်း၏ ဈေးဆိုင်၌ ဈေးရောင်းနေစဉ် သေနတ်သမားနှစ်ဦး၏ ပစ်သတ်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှစ်ခုလုံးကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေဖြစ်သော သထုံခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လုပ်ကြံခဲ့ခြင်းဟု KNU နှင့်နီးစပ်သော သတင်းရင်းမြစ်တခုက ပြောသည်။

“ကျိုက်ထိုက တယောက်က ငပိစစ်ကွက်သစ် ရာအိမ်မှူးပေါ့။ သူက စစ်မှုထမ်းအတွက် စာရင်းတွေ ကောက်နေသူ” ဟု သတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်မှာ စစ်မှုထမ်းစာရင်း ကောက်ခံနေသည့် တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

စာတည်း။ ။ နောင်နောင်