ဆားလင်းကြီးရဲစခန်းနှင့်ထွေအုပ်ရုံးကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်

ချင်းတွင်းတိုးနယားတပ်ဖွဲ့မှကာကွယ်ရေးရဲ‌ဘော်များ/ဓာတ်ပုံ- ချင်းတွင်းတိုးနယား

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့ရှိ မြို့မရဲစခန်းနှင့်ထွေအုပ်ရုံးကို ကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ယမန်နေ့ညက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း ပြန်လည်ပစ်ခတ်ရာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် ရဲစခန်း နှင့်ထွေအုပ်ရုံးကိုဧပြီ ၁၈ ရက် ည ၉ နာရီ အချိန်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်နာရီခန့်ကြာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း မဇ္ဈိမ၏ မြေပြင်သတင်းထောက်က သတင်းပေးပို့သည်။

” တိုက်ပွဲက တော်တော်ကို ကြာကြာဖြစ်တာ။ လက်နက်ကြီးတွေလည်း ပစ်ကြတော့ ဆူညံနေတာပဲ” ဟု ဒေသခံတဦးက ပြောသည်။

ရဲစခန်းနှင့်ထွေအုပ်ရုံးမှ အဆောက်အအုံ အချို့ ပျက်စီးခဲ့ကာ စစ်ကောင်စီဘက်၌ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်သော ချင်းတွင်းတိုးနယားတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။တိုက်ပွဲအတွင်း ထိခိုက်မှုကို အသေးစိတ်မသိရှိရသေးပေ။

တိုက်ခိုက်မှုကို ချင်းတွင်းတိုးနယားတပ်ဖွဲ့ ၊ဒေါင်းမင်းတပ်ရင်း၊ Black Eagle Revolution Force ၊ SKYတပ်ဖွဲ့နှင့် ဆားလင်းကြီးမဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဟုသိရသည်။

စစ်ကောင်စီတပ်သည် ဆားလင်းကြီးရဲစခန်းနှင့် ထွေအုပ်ရုံးတွင် အင်အား ၇၀ ခန့်ဖြင့် တပ်စွဲကာ ဘန်ကာများဖြင့် ခံစစ်ပြုလုပ်ထားသည်။ ထိုနေရာကို ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏတိုက်ခိုက်‌နေသည်။ ယင်းနေရာပတ်ဝန်းကျင်ရှိ ဒေသခံများလည်း စစ်ဘေးတိမ်းရှောင်နေကြရသည်။

စာတည်း – အေးချမ်း