နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၉ ဧပြီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

  • ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူလာမည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဧပြီလ ၁၆ ရက်၌ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက်အောက်ခံ ကျားဖြူစစ်ကြောင်း ဒရုန်းတပ် ဖွဲ့မှ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အကြမ်းဖက်တပ်သား ၁၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းမှ ထုတ်ပြန်သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၄) ကို ဧပြီ ၁၈ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတွင်ရှိသည့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၁၃/၂၀၂၄)ကို ဧပြီ ၁၈ ရက် ညနေ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
  • ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့်ကလေးမြို့နယ်တောင်ပိုင်းရှိ ပျူ‌​စောထီးရွာများတွင် စစ်ကောင်စီ၏ ဖိနှိပ်မှုများပိုမိုဆိုးရွားလာ​သော​ကြောင့် ဒေသခံများအပြားသည် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ) များထံ ထွက်ပြေးတိမ်းရှောင်မှုပိုများလာသည်။
  • မြန်မာနိုင်ငံတွင် စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းနေသဖြင့် လူငယ်များ ပုန်းရှောင်နေရ ပြီး ပြည်ပနိုင်ငံများသို့ ထွက်ပြေးနေရကာ အနာဂတ်ပျောက်နေရသည်ဟု ကုလသမဂ္ဂ ၂၀၂၄ လူငယ်ဖိုရမ်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းတင်ပြလိုက်ကြောင်း သိရှိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • ကရင်ပြည်နယ်၊ ကျုံဒိုးမြို့တွင် ယနေ့ (ဧပြီလ ၁၉ ရက်) နံနက်အစောပိုင်းမှ စတင်၍ စစ်ကောင်စီ တပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ဒေသခံများတိမ်းရှောင် နေရသည်ဟု ဒေသခံများထံက သိရသည်။
  • စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းရန် ပထမအသုတ်တွင် ခေါ်ယူထားသည့် သင်တန်းသား ၅,၀၀၀ ဝန်းကျင်အနက် ၂၂၀ ကျော်မှာ အတင်းအဓ္ဓမ ပေါ်တာဆွဲခံထားရသူများဖြစ်ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ၏ အစီရင်ခံစာအရ သိရသည်။
  • အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှ စက်သုံးဆီနှင့်စားသုံးကုန်ပစ္စည်းများကို မြန်မာနိုင်ငံဘက်သို့ တင်ပို့ရောင်းချခြင်းမပြုရန် Central Young Lai Association (CYLA )က သတိပေးချက်ထုတ်ပြန်လိုက်သည်။
  • မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် တိုက်ခိုက်မှုများ ချက်ချင်း ရပ်ဆိုင်းကြရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများက ဧပြီ ၁၈ ရက်နေ့၌ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်သည်။
  • မန္တလေးတိုင်း ၊ တံတားဦး လေတပ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ ၁၇ ရက်နံနက် ၂ နာရီ အချိန်တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု Freedom Revolution Force (FRF)အဖွဲ့က ထုတ်ပြန်သည်။
  • ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ လေတပ်အရာရှိလူပျိုဆောင်နှင့်ကြံ့ခိုင်ရေးပါတီရုံးကို လက်ပစ်ဗုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု Dark Shadow မြို့ပြပျောက်ကျားအဖွဲ့တာဝန်ခံ ရဲဘော်အရိပ် (ပန်ဒါ)က မဇ္ဈိမကို ပြောသည်။
  • မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်၊ ပေါက် – ပခုက္ကူလမ်းပိုင်း၌ ချင်းပြည်နယ်မှ ရိက္ခာပို့ပြန်ဆင်းလာသော စစ်ကောင်စီယာဥ်တန်းမှ ရှေ့ပြေးစစ်ကောင်စီတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးကြောင်း Kamma Under Ground P.D.F (ကမ္မ တ.ပ.စ)၏ တာဝန်ခံ ကိုငလုံးက ပြောသည်။
  • ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် နမ့်ပေါင် စစ်ကောင်စီလေတပ်ကို ယနေ့မနက်ပိုင်းတွင် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းညီနောင်များ ပြည်သူ့ကာကွယ်ရေး တပ်(NBPDF)မှ တာန်ဝန်ရှိသူက ​ပြောသည်။
  • စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကနီလေး စစ်ရှောင်စခန်းသို့ နွေဦးတမာန်တော်လှန်ရေးထောက်ပို့ (စစ်ကိုင်းအခြေဆိုက်)က တစ်ရက်စာ အသားဟင်းနှင့် အအေး၊ ဖာလူဒါများ သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရှိရသည်။
  • ဒီပဲယင်းမြို့နယ်တွင် စစ်ရှောင်ပြည်သူများကို ရွေရင်အေးများ ကျွေးမွေးလှူဒါန်းမှုကို အလှူရှင် ကိုယ်စား ဒီပဲယင်းမြို့နယ်ညီနောင်အဖွဲ့က ဧပြီလ ၁၉ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။
  • ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ဗကသများအဖွဲ့ချုပ်နှင့် ပြည်သူ့ စုပေါင်းအလှူငွေများဖြင့် ဧပြီလ ၁၉ရက်နေ့တွင် ထမင်းတစ်နပ်ကျွေးမွေးလှူဒါန်းခဲ့ ကြောင်းသိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU)ဟာ စစ်ကောင်စီနှင့်ဆွေးနွေးညှိနှိုင်းမှာမဟုတ်ဘဲ မြဝတီမြို့ အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ထိုင်းသတင်းဌာန The Reporters သတင်းဌာနကို ပြောကြားလိုက်ထားသည်။
  • မွန်ပြည်သူများ၊ မွန်တော်လှန်ရေးတပ်ဖွဲ့များနှင့် မွန်နိုင်ငံရေးအင်အားစုများအားလုံး စည်းလုံး ညီညွတ် မှုအားဖြင့် အတူတိုက်ပွဲဝင်ကြရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)က ဖိတ်ခေါ်လိုက်သည်။
  • မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP(AD)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် တိုက်ပွဲပြင်းထန်နေကြောင်း မွန်သတင်းရင်း မြစ်က ပြောသည်။
  • ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF) လှုပ်ရှားနယ်မြေများအတွင်း မိုးရာသီသွားလာရေး အဆင်ပြေစေရန် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)မှ ရဲဘော်များနှင့် ကျေးရွာနေလူထုတို့ ပူးပေါင်း၍ ရွာချင်းဆက်လမ်းများ၊ ရွာတွင်းလမ်းများ ပြုပြင်ခြင်းများလုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ လွိုင်ကော်- ဆီဆိုင်လမ်းပေါ်တွင် ဆိုင်ကယ်ဖြင့် သွားလာ နေသော ပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

စစ်ကောင်စီ

  • ဆီဆိုင်မြို့ ခြေမြန်တပ်ရင်း ခမရ ၄၂၃ တပ်မှ တပ်သားညီညီနိုင်သည် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး အား သေနတ်ပစ်ဖောက် ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန် ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံ တွေ့ ရသူအမျိုးသမီး၏ ပြောဆိုချက်ကို ကိုးကားပြီး ဒေသအခြေစိုက် မီဒီယာတစ်ခုတွင် ဖော်ပြထားသည်။
  • ကရင်နယ်ခြားစောင့်တပ်(BGF) ကနေ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNA) အဖြစ်အသွင်ပြောင်းထားသည့် ဗိုလ်မှူးကြီး စောချစ်သူ ကို ပံ့ပိုးပေးထားသော လက်နက်ခဲ ယမ်းများပြန်ပေးရန် စစ်ကောင်စီကကိုယ်စားလှယ်လွှတ်ပြီး ပြောဆိုထားကြောင်း ထိုင်းဘက်က လာသည့် သတင်းများတွင်  ဖော်ပြထားသည်။
  • ဘူသီးတောင်မြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နှင့် ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးတို့ကို အစ္စာလာမ်မစ် အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း အိန္ဒိယမီဒီယာတခုက ဖော်ပြခဲ့ခြင်းသည် မမှန်ကန်သည့် လုပ်ကြံဖန်တီးရေးသားချက်ဖြစ်ကြောင်း အာဏာသိမ်း မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်သည်။
  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
  • ယခုနှစ်သင်္ကြန်အပြီးတွင် လျှပ်စစ်မီတာခများတက်မည်ဟု လူမှုကွန်ရက်ပေါ်တွင်ရေးသားဖော် ပြခြင်းများရှိခဲ့ပြီး လတ်တလော တက်ရန် မရှိသေးကြောင်း စစ်ကောင်စီ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန မှ သိရသည်။

ဧပြီ ၁၉ သုံးသပ်ချက်

  • စစ်ကောင်စီကတော့ ဘူးသီးတောင်တွင် မွတ်ဆလင်တချို့ကို လက်နက်တပ်ဆင်ပေးကာ ၎င်းတို့နှင့် အတူ အိမ်များမီးရှို့ဒေသခံများကို ဖမ်းဆီးသည့် သတင်းကို ထုံးစံအတိုင်း ဗြောင်လိမ် ကာ ရက္ခိုင့်တပ်တော် AA ကို ပြန်လည်စွတ်စွဲခြင်း ပြုလုပ်နေသော်လည်း ပြည်သူများ အတွက်က တော့  စစ်အုပ်စု၏ စကားများကို ပြောင်းပြန် မှတ်ယူရမည်ဟု ပြောစမှတ်ဖြစ်နေသည်၊။