လှည်းကူး စစ်မှုထမ်းဟောင်းရုံး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခံရ

ပုံအညွှန်း- လှည်းတန်း စစ်မှုထမ်းဟောင်းရုံးတည်နေရာ

ပုံအညွှန်း- လှည်းတန်း စစ်မှုထမ်းဟောင်းရုံးတည်နေရာ

(မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်- မန္တလေး ကားလမ်းဘေးရှိ စစ်မှုထမ်းဟောင်းရုံးကို အဝေးထိန်းမိုင်းခွဲ၍ တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့ တာဝန်ရှိသူထံက သိရသည်။

ယမန်နေ့ (ဧပြီလ ၂၆ ရက်)၊ ည ၇ နာရီ ၅ မိနစ်အချိန်တွင် လှည်းကူးစစ်မှုထမ်းဟောင်းရုံးအဆောက်အအုံအရှေ့ရှိ ဂိတ်ကင်းအနီး ပြင်းအားမြှင့် အဝေးထိန်းမိုင်းထောင်၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ဂိတ်အတွင်း ကင်းစောင့်နေသည့် စစ်မှုထမ်းဟောင်း နှစ်ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

” ဂိတ်ကင်းထဲကိုတိုက်ခိုက်တာပါ။ အထဲမှာတော့စစ်* တွေရှိကြပါတယ်ဗျ။ ဂိတ်ကင်းစောင့် သုံးယောက်မှာ နှစ်ယောက်ထိပါတယ်။ စစ်မှုထမ်းဟောင်းတွေကပဲ လက်နက်ကိုင်ပြီးလုံခြုံရေးယူတာပါ။ စစ်မှုထမ်းဟောင်းတွေလည်း စစ်မှုပြန်ထမ်းပြီး ပြည်သူကို နှိပ်ကွပ်နေကြတယ်လေ” ဟု Yangon Army တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ကင်းစောင့်စစ်မှုထမ်းဟောင်းနှစ်ဦး ဒဏ်ရာရခြင်းအား မြေပြင်ကင်းထောက်များ​၏ သတင်းပေးပို့ချက်ဖြင့် အတည်ပြုထားပြီး မည်သည့်နေရာတွင် ဆေးကုသမှုခံယူနေကာ ဒဏ်ရာ မည်မျှပြင်းထန်သည်ကိုမူ မသိရကြောင်း ၎င်းက ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Yangon Army နှင့် အနောက်ပိုင်းခရိုင် ပကဖအဖွဲ့က ပူးပေါင်း၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုပေါက်ကွဲသံကို လှည်းကူးမြို့ပေါ်ကပင် ကြားရသည်ဟုလည်း ဒေသခံတဦးက ပြောသည်။

” ကျွန်တော်တို့ အလုပ်က အောင်မင်္ဂလာရပ်ကွက် ဘက်မှာလေ။ အသံအကျယ်ကြီး ကြားရတယ်။ ” ဟု ၎င်းကပြောသည်။

စစ်ကောင်စီခေါင်းဆောင်နှင့် ဆက်စပ်နေသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် အားပေးအားမြှောက် လုပ်နေသူများအားလုံးကို တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သည့်နေရာများ​၏ အဝေးတွင် နေထိုင်ပေးကြပါရန် Yangon Army က ထုတ်ပြန်သတိပေးထားသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ကလည်း Yangon Army နှင့် အနောက်ပိုင်းခရိုင် ပကဖ ပူးပေါင်းအဖွဲ့သည် ဇီးရိုးမိုင် (Zero Mile) စစ်ဆေးရေးဂိတ်အား အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး အဆိုပါဂိတ်ရှိ စစ်ကောင်စီနှင့် ယာဉ်ထိန်းရဲ ခြောက်ဦး ထိခိုက်၊ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး