မင်းတပ်တွင် ဧပြီလအတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ဦးသေ ၃၁ဦးဒဏ်ရာရ

ပုံအညွှန်း။ ။ ဧပြီလ ၂၅ရက်နေ့တွင် စစ်ကောင်စီပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဝမ္မတူးဆေးရုံ (ဓာတ်ပုံ။ ။ CJ)

ပုံအညွှန်း။ ။ ဧပြီလ ၂၅ရက်နေ့တွင် စစ်ကောင်စီပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဝမ္မတူးဆေးရုံ (ဓာတ်ပုံ။ ။ CJ)

ကိုခင်မောင်

(မဇ္စျိမ)။ ။ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဧပြီလအတွင်း ဒေသခံ ငါးဦးသေဆုံးကာ ၃၁ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-မင်းတပ်( CDF-mindat )က မေလ ၃ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် ဧပြီလ ၂ရက်နေ့မှ မေလ၂ရက်နေ့အထိ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၆ ကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးရမ်းသန်းပစ်ခတ်မှု နှစ်ကြိမ်ပြုလုပ်ထားကြောင်း ထုတ်ပြန်ချက်အရသိရသည်။

“ဆိုးဆိုးဝါးဝါးဖြစ်နေတာက ဧပြီလ ၂၅ရက်နေ့ကစပြီး နေ့ရောညပါတောက်လျှောက်ပစ်ခတ်နေတာဖြစ်တယ်။ စစ်ကောင်စီတပ်က မင်းတပ်မြို့အပေါ်မှာတိုက်ပွဲမရှိဘဲ အပြစ်မဲ့ပြည်သူတွေနေတဲ့နေရာ၊ စစ်ဘေးရှောင်တွေနေတဲ့နေရာတွေကို အကြောင်းမဲ့သက်သက် ပစ်ခတ်နေတာဖြစ်တယ်။ ကျွန်တော်တို့လူနည်းစု တိုင်းရင်းသားလူမျိုးတွေကို စစ်ကောင်စီက လူမျိုးတုံးအောင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။” ဟု CDF မင်းတပ်ပြောရေးဆိုခွင့်တာဝန်ရှိသူ ဆလိုင်းဟာအွမ်က မဇ္စျိမအားပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများကြောင့် ဧပြီလအတွင်း မင်းတပ်မြို့နယ်တိုက်နယ်(၂)ရှိ ဝမ္မသူးဆေးရုံအပါဝင် ခရစ်ယာန်ဘုရားကျောင်းနှစ်ခု၊ စာသင်ကျောင်းတခုနှင့် လူနေအိမ် ၂၄ လုံးအထိ ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းမှ အလွန်အကျွံတိုက်ခိုက်နေသောကြောင့် ဒေသခံများသည် ကြောက်လန့်ရသည့်စိတ်ဒဏ်ရာများ ဆိုးဆိုးဝါးဝါးကြုံတွေ့နေရကြောင်းလည်း ဆလိုင်းဟာအွမ်က ပြောသည်။

“ပြည်သူတွေအပါအဝင် အားလုံးပဲ စိတ်ဒဏ်ရာတွေရကုန်ပြီ၊ ဟိုတနေ့က ကျွန်တော်တို့ဆီမှာမိုးရွာတော့ မိုးချုန်းသံကြောင့် ကလေးငယ်တွေငိုယိုနေကြတယ်၊ လေယာဥ်တွေလာတယ်ဆိုပြီးကြောက်နေကြတာ။ မိုးချုန်းသံတွေနဲ့ လေယာဥ်လာတဲ့အသံတွေ မသဲကွဲတော့ဘူး။ အခုက နေအိမ်တွေမှာ မအိပ်ရဲကြတော့ဘူး ကတုတ်ကျင်းထဲမှာပဲအိပ်ကြတယ်။ ပြည်သူတွေအနေနဲ့ အဲဒီကြောက်လန့်မှုကို တော်တော်လေးဆိုးဆိုးရွားရွားကြုံနေကြတယ်။” ဟု ၎င်းကဆိုသည်။

ဧပြီလ ၂၅ရက်နေ့တွင် စစ်ကောင်စီတပ်သည် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး လေးလုံးဖြင့်ကြဲချသဖြင့် ပျက်စီးကြေမွသွားသော ဝမ္မတူးဆေးရုံကြီး ပြန်လည်ထူထောင်နိုင်ရန်အတွက် ထောက်ပံ့ကူညီပေးကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းယောမာန်က မတ္တာရပ်ခံတောင်းဆိုထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)