နန့်ယားစခန်းကို သိမ်းပိုက်ပြီးနောက် ဖားကန့်အဝင်လမ်းပိုင်းကို KIA ထိန်းချုပ်

နန့်ယားစခန်းသိမ်းတိုက်ပွဲ၌ KIA က ရရှိခဲ့သည့် လက်နက်များနှင့် စခန်းတွင်းမြင်ကွင်း (Photo - TH)

နန့်ယားစခန်းသိမ်းတိုက်ပွဲ၌ KIA က ရရှိခဲ့သည့် လက်နက်များနှင့် စခန်းတွင်းမြင်ကွင်း (Photo – TH)

ရွှေနွယ်၊အဂမ်

(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နန့်ယားစစ်ကောင်စီစခန်းကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့(ဧပြီလ ၁၁ရက်) နံနက်တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ဖားကန့်သို့ ဝင်ရောက်သည့် စစ်ကောင်စီစစ်ဆင်ရေးလမ်းကြောင်းကို ဖြတ်‌တောက်လိုက်ပြီဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

မြေကြီးနား-ဖားကန့်လမ်းပိုင်းမှ ဖားကန့်မြို့အဝင်၌ ရှိသော နန့်ယားစစ်ကောင်စီစခန်းကို ဧပြီလ ၉ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် စုစုပေါင်း ၅၀ ကျော်သည် ယနေ့ နံနက် ၆နာရီခန့်တွင် လက်နက်ချအညံ့ခံခြင်းဟု KIA နှင့် နီးစပ်သည့်သတင်းမြစ်ကပြောသည်။

စစ်ရေးဗျုဟာအရအရေးပါသော နန့်ယားအထိုင်ချတပ်စခန်းကို နှစ်ရက်တိုင်တိုင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဟု KIA သတင်းရင်းမြစ်တဦးကပြောသည်။

နန့်ယားစခန်းသိမ်းတိုက်ပွဲ၌ KIA က ရရှိခဲ့သည့် လက်နက်များနှင့် စခန်းတွင်းမြင်ကွင်း (Photo - TH)

၎င်းက “ ဒီစခန်းက အားလုံးသိတဲ့အတိုင်း ဖားကန့်ကို လာရင်ဘဲဖြစ်ဖြစ်၊ ဆင်းရင်ဘဲဖစ်ဖြစ် မဖြစ်မနေကို ဖြတ်ကို ဖြတ်ရတဲ့ တပ်စခန်းကုန်းကြီးလေ။ နှစ်ရက်လောက်ပြင်းပြင်းထန်ထန်ကို ပစ်ကြတာပါ။ အဲ့မှာ တရက်က တိုက်ပွဲဖြစ်ရင်းနဲ့ ကျနော်တို့ပစ်လိုက်တဲ့အကြီးကျည်က သူတို့ရဲ့ယမ်းကားတစီးကိုထိသွားတယ်။ အဲ့မှာ သူတို့တော်တော်ထိသွားတယ်နဲ့တူတယ်။ အခုကျနော်တို့ စခန်းရှင်းလင်းနေပြီ။ နန့်ယာကို ကျနော်တို့ရတာက ဖားကန့်အတက်အဆင်းလုပ်ရမယ့် စစ်တပ်ရဲ့လမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့တာပဲ ” ဟု ပြောသည်။

KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ဧပြီ ၉ရက် နံနက်တွင် ဖားကန့်မြို့နယ်အတွင်းရှိ နန့်ယားစခန်းနှင့်ဆယ်ဇင်းရဲစခန်းကို တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဆယ်ဇင်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၂၂ဦးသည် ယင်းနေ့တွင် လက်နက်ချအညံ့ခံခဲ့၍ KIAက ထိန်းသိမ်းခဲ့သည်ဟု သိရသည်။

“ဆယ်ဇင်းမှာ ၂၂ ယောက် လက်နက်ချသွားပြီ။ နန့်ယားလည်း ဒီမနက် ၆ နာရီမှာ လက်နက်ချလိုက်တာ ဟုတ်ပါတယ်။ အဲ့ဘက်တကြောကတော့ သူတို့(KIA) စိုးမိုးသွားပြီ” ဟု ကချင်ပြည်နယ်တွင် တာဝန်ကျနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲအရာရှိတဦးက ပြောသည်။

နန့်ယားရဲစခန်းအား သိမ်းပိုက်နိုင်ခြင်းသည် မြစ်ကြီးနား – ဖားကန့်လမ်းပေါ်မှ စစ်ကောင်စီစစ်ဆင်ရေးလမ်းကြောင်းပြတ်တောက်သွားခြင်းဖြစ်ကာ ဖားကန့်ဒေသကိုထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း KIAသတင်းရင်းမြစ်က ဆိုသည်။

နန့်ယားစခန်းသိမ်းတိုက်ပွဲ၌ KIA က ရရှိခဲ့သည့် လက်နက်များနှင့် စခန်းတွင်းမြင်ကွင်း (Photo - TH)

“ဖားကန့်ကျောက်စိမ်းတွင်းရဲ့ဝင်ပေါက်ဖြစ်တဲ့အတွက် အရမ်းအရေးပါတဲ့စခန်းပေါ့။ ဒီဝင်ပေါက်ကို ရလိုက်တာက နေရာဘဲ ရလိုက်တာမဟုတ်ဘူးလေ။ အရာရာကို ရယူနိုင်လိုက်တာဘဲ။ ခုတော့ ဒီစခန်းကို စစ်တပ်က လက်ရှိဘယ်လိုမှ ပြန်တိုက်ယူဖို့ မလွယ်ဘူး ” ဟုအထက်ပါသတင်းရင်းမြစ်က ပြောသည်။

နန့်ယားတိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများရှိကြောင်းသိရသော်လည်း အသေးစိတ်အခက်အလက်များကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် ဝိုင်းမော်မှ မိုးမောက်ထိ လမ်းကြောတလျှောက်၊ လွယ်ဂျယ်ဒေသတဝိုက် အပါအဝင် ကချင်ပြည်နယ်မှ နေရာအများစုကို ထိန်းချုပ်ထားပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။ ထို့ပြင် ကချင်ပြည်နယ်၊ ချီဖွေခရိုင် ဆော့လော်မြို့အနီး မျောမောကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းကိုလည်း KIA တပ်မဟာ (၇) တပ်ရင်း (၄၆)တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းတပ်များကယနေ့ ဧပြီလ၁၁ရက်နေ့ နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှသိရပြီး မဇ္ဈိမမှ အသေးစိတ်ဆက်လက်စုံစမ်းနေသည်။

နန့်ယားစခန်းသိမ်းတိုက်ပွဲ၌ KIA က ရရှိခဲ့သည့် လက်နက်များနှင့် စခန်းတွင်းမြင်ကွင်း (Photo - TH)

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှ စတင်ခဲ့သည့် KIA ၏ ထိုးစစ်အတွင်း တရုတ်−မြန်မာ နယ်စပ်ရှိ လွယ်ဂျယ်မြို့ကိုလည်း KIA ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။ ထို့ပြင် ကချင်ပြည်နယ်မှ စစ်ကောင်စီ၏ တပ်စခန်းကြီး၊ ငယ် စုစုပေါင်း ၇၀ ခန့်ကိုလည်း KIA က သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။

စာတည်း – အေးချမ်း