မန္တလေးတွင် မီးလောင်မှုဖြစ်ပွား

008

(မဇ္ဈိမ)။ ။ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ယနေ့ (မေလ ၁၀ ရက်) နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှ့၊ အရိပ်မထွက်ဘုရားအနီး၊ ၇၈လမ်း၊ ၉လမ်း၊ သိမ်ကုန်းရပ်ကွက်တွင်‌ ဖြစ်ပွားခဲ့သည့် မီးလောင်မှုသည် စတင်ဖြစ်ပွားပြီး ၄၅ မိနစ်ခန့်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် တဦးကဆိုသည်။

” အဆင့်နှစ် သတ်မှတ်ပြီး ယာဉ်တွေ ထွက်ခွာမီးငြိမ်းခဲ့တယ်။ လေလေးက တိုက်တော့ မီးကမနိုင် ဖြစ်သွားတယ်။ အိမ်‌ခြေကလည်း စိပ်တယ်ဆိုတော့ လောင်အားကောင်းသွားတယ်။ ဖြစ်စဉ်က စစ်ဆေးနေတယ် ။ ကျွန်တော်တို့ ဆီ ဘာစာရင်းမှ မရောက်သေးဘူး။ ထွက်ခွာယာဉ်တွေလည်း ပြန်မရောက်သေးဘူး”ဟု ၎င်းက ပြောသည်။

မီးလောင်မှုကြောင့် အိမ်ခြေ ၂၃ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ဝင်က ပြောသည်။

“မီးက မြန်တယ်။ ကျွန်တော်တို့ ဘာပစ္စည်းမှမရလိုက်ဘူး။ ဘယ်ကစ လောင်တယ်မသိဘူး။ ကျွန်တော်က အလုပ်ထဲမှာ လက်သမားလုပ်တယ်။ မီးလောင်တဲ့ ရပ်ကွက် မြောက်ဘက်မှာလုပ်တယ်။ သိသိချင်း အိမ်ဘက်ပြေးတာ မမီလိုက်ဘူး။ အကုန်ကုန်ပဲ “ဟု နေအိမ်မီးလောင်ဆုံးရှုံးခဲ့သူ လက်သမားဆရာက ပြောသည်။

မီးဘေးသင့်ပြည်သူများအတွက် အရိပ်မထွက်ဘုရားဝင်းရှိ ဒေါ်ဖီဓမ္မာရုံတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိရန် စီစဉ်ထားပြီး လတ်တလောတွင် မီးဘေးသင့် အိမ်ထောင်စုစာရင်းကောက်နေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး