ငပုတောမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်း စစ်ကြောရေးတွင် သေဆုံး

ပုံအညွှန်း - ဟိုင်းကြီး အမှတ် ၃ မီးသင်္ဂြိုဟ်စစ်ရှေ့တွင် တွေ့ရသည့် ဦးသန်းထွန်း၏ ရုပ်အလောင်း

ပုံအညွှန်း – ဟိုင်းကြီး အမှတ် ၃ မီးသင်္ဂြိုဟ်စစ်ရှေ့တွင် တွေ့ရသည့် ဦးသန်းထွန်း၏ ရုပ်အလောင်း

မင်းထက်

(မဇ္ဈိမ)။ ။ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့တွင် ငပုတောမြို့နယ် NLD အလုပ်အမှုဆောင်ဟောင်း ဦးသန်းထွန်း သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နှိပ်စက်ညှဥ်းပန်းမှုကြောင့် စစ်ကြောရေး၌ သေဆုံးခဲ့ကြောင်း ဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

ဦးသန်းထွန်း (အသက် ၅၀ ) ကျော်သည် ၎င်းနေထိုင်သည့် မရမ်းကွင်းကျေးရွာတွင် ၎င်း၏ တူမဖြစ်သူ CDM ကျောင်းဆရာမ နှင့်အတူ မေ ၇ ရက်၌ ဖမ်းဆီးခံခဲ့ရပြီး မေ ၉ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ကို PDF များနှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးပြီးနောက် ဟိုင်းကြီးရေတပ် (ပမ္မဝတီရေတပ်စခန်းဌာနချုပ် အမှတ်
၂၃ အုပ်ချုပ်ရေးတပ်)သို့ ခေါ်ဆောင် ရိုက်နှက်စစ်ဆေးရာမှ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

စစ်ကြောရေးတွင် သေဆုံးပြီးနောက် ၎င်း၏ အလောင်းအား ဟိုင်းကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပြီး ဦးသန်းထွန်း သေဆုံးပြီဖြစ်၍ မိသားစုများ လာကြည့်နိုင်ကြောင်း စစ်ကောင်စီတပ်က အကြောင်းကြားခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးကပြောသည်။

ဟိုင်းကြီးရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲများက ဦးသန်းထွန်းသည် ဆွဲကြိုးချကာ ကိုယ့်ကိုကိုယ် သတ်သေခြင်းဖြစ်သည်ဟု သတင်းလွှင့်ထားကြောင်း ဒေသခံများက ပြောသည်။

“ဦးသန်းထွန်းက လူပျိုကြီး အေးအေးဆေးဆေး နေတတ်တဲ့လူပါ။ အာဏာမသိမ်းခင်တည်းက မြို့နယ်အလုပ်အမှုဆောင် တာဝန်ကနားပြီး အာဏာသိမ်းပြီးတော့လည်း သူ့အိမ်မှာပဲ သူနေတယ်။ ဘယ်လိုတွေဖြစ်ပြီး သတ်လိုက်ကြလည်း မသိပါဘူးဗျာ”ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့က ဟိုင်းကြီးကျွန်းမြို့အတွင်း အမျိုးသား ငါးဦးကို PDF တပ်ဖွဲ့ဝင်များဟု စွပ်စွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲများက ဖမ်းဆီးခဲ့သည်။

အဆိုပါ အမျိုးသား ငါးဦးနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဦးသန်းထွန်းနှင့် ၎င်း၏ တူမဖြစ်သူကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မေလ ၂ ရက်၌ ဖမ်းဆီးခံခဲ့ရသည့် အမျိုး သား ငါးဦး နှင့် မေလ ၇ ရက်တွင် ဦးသန်းထွန်းနှင့်အတူ ဖမ်းဆီးခံရသည့် CDM ကျောင်းဆရာမအား မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးကြောင်း၊ ၎င်းတို့အနေဖြင့် စုံစမ်းနေဆဲဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

စာတည်း။ ။အောင်ကျော်ဖြိုး