မိုးကုတ်တိုက်ပွဲအတွင်း ပြည်သူများလုံခြုံရေးသတိရှိရန် မိုးကုတ်ဗျူဟာက အသိပေး

ပုံအညွှန်း။ ​။ နောင်ချိုမြို့ကို ထိန်းချုပ်ပြီးနောက် TNLA၊ MDY-PDF နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – MDY-PDF)

ပုံအညွှန်း။ ​။ နောင်ချိုမြို့ကို ထိန်းချုပ်ပြီးနောက် TNLA၊ MDY-PDF နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (ဓာတ်ပုံ – MDY-PDF)

ကိုခင်မောင်

(မဇ္စျိမ)။ ။ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရပ်ဝတ်နှင့် ထွက်ပြေးနေ၍ လိုက်လံရှင်းလင်းနေသောကြောင့် ပြည်သူများ လုံခြုံရေးသတိပြုနေထိုင်ပေးကြရန် မိုးကုတ်ဗျူဟာက ယနေ့ (ဇွန်လ ၂၈ရက်)တွင် သတိပေးထုတ်ပြန်သည်။

မိုးကုတ်မြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များ အထိနာနေသောကြောင့် အရပ်ဝတ်များဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရာ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့အိမ်တွင်းမှာသာ နေပေးကြပါရန်နှင့် လုံခြုံရေးသတိဖြင့် ဂရုစိုက်ကြရန် အသိပေးထားခြင်း ဖြစ်သည်။

“မိုးကုတ်တိုက်ပွဲက အနောက်ပိုင်းကနေ အရှေ့ပိုင်းကို ဦးတည်လာနေတယ်။ အနောက်ပိုင်းမှာ မနေ့က တိုက်ပွဲဖြစ်ပြီးတော့ အရှေ့ပိုင်းမှာ ဒီနေ့ဖြစ်နေတယ်။ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တာတွေလုပ်နေတယ်။ နောက်ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ထဲရပ်ကွက်တွေထဲမှာ အရပ်ဝတ်နဲ့ သွားလာနေတာကို တွေ့ရတယ်။” ဟု မိုးကုတ်ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

မိုးကုတ်မြို့အနောက်ပိုင်းရှိ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကို TNLA နှင့် ပူးပေါင်းတပ်ဖွဲများက ဇွန်လ ၂၅ရက်နှင့် ၂၆ရက်တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်။

ယမန်နေ့ (ဇွန်လ ၂၇ရက်)မွန်းလွဲပိုင်းအထိ မိုးကုတ်မြို့ အနောက်ပိုင်း ရဲစခန်းအနီးတွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်များဖြင့် ထွက်ပြေးတိမ်းရှောင်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးကုတ်တိုက်ပွဲတွင် TNLA ၊ MDY-PDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် မိုးကုတ်ဗျူဟာ တပ်ရင်းများဖြစ်သည့် တပ်ရင်း (၁၂၂၁)၊ (၁၂၂၂) ၊ (၁၂၂၃) ၊ (၁၂၂၄) တို့ ပူပေါင်းထိုးစစ်ဆင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)