စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး လက်နက်နှင့်အတူ ဖမ်းဆီးခံရ

ပုံအညွှန်း- ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို တွေ့ ရစဉ် (Photo - ပြင်ဦးလွင် ပကဖ)

ပုံအညွှန်း- ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို တွေ့ ရစဉ် (Photo – ပြင်ဦးလွင် ပကဖ)

ဂျူချန်း

(မဇ္ဈိမ) ။ ။ မန္တလေး-မတ္တရာ-မိုးကုတ် လမ်းပိုင်းတနေရာတွင် စစ်ကောင်စီတပ် ဖွဲ့ဝင် လေးဦးကို လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြေင်း ပြင်ဦးလွင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဇွန်လ ၂၇ ရက်နေ့ ရက်စွဲဖြင့် တရားဝင် ထုတ်ပြန်သည်။

မန္တလေး-မိုးကုတ်လမ်းပိုင်းသည် လက်ရှိတိုက်ပွဲပြင်းထန်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်မန္တလေးကို ဆက်သွယ်ထားသည့် လမ်းဖြစ်သည်။

ဖမ်းဆီးခံရသူ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးအနက် နှစ်ဦးမှာ ကာကွယ်ရေးပစ္စည်း (ကပစ) စက်ရုံမှ တပ်ဖွဲ့ဝင်များဖြစ်ပြီး ကျန်နှစ်ဦးမှာလည်း လက်ရုံးတပ်မှ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဖမ်းမိထားတယ်။ ကာကွယ်ရေးအဖွဲ့တွေကဖမ်းထိန်းထားတယ်။ ခရီးသွားတွေ လည်း လုံခြုံရေးအရ သတိပြုဖို့လိုပါတယ်” ဟု ပြင်ဦးလွင် ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးက ပြောသည်။

စစ်ကောင်စီတပ်သား လေးဦးကို သေနတ်လေးလက်၊ ကျည်ဆံများ နှင့်အတူ ယာဉ်နှစ်စီးကိုလည်း သိမ်းဆည်းရရှိကြောင်း ပြင်ဦးလွင် ပကဖထံမှ သိရသည်။

၎င်းတို့ကို ပြင်ဦးလွင်ခရိုင် ပကဖ နှင့် မတ္တရာမြို့နယ် ပကဖ တို့က ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်သည်။

အသေးစိတ်သိရရန် ပြင်ဦးလွင် ပကဖကို မဇ္ဈိမက ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

မန္တလေး−မိုးကုတ်လမ်းပိုင်းနှင့် မန္တလေး−မြစ်ကြီးနားလမ်းပိုင်းကို ဇွန်လ ၂၅ ရက်မှစ၍ ည ၇ နာရီမှ နံနက် ၆ နာရီအတွင်းအသုံးမပြုရန်၊ စစ်ကောင်စီယာဉ်များနှင့် အနီးကပ်သွားလာခြင်းမပြုကြရန် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ထားသည်။

ခရီးသွားလာမှု ကန့်သတ်ချိန်အတွင်း ခရီးသွားလာပါကလည်း ကားများ မှန်ချမောင်းနှင်ရန်၊ လမ်းခရီးတွင် တိုက်ပွဲဖြစ်ပွားသံကြားပါက ယာဉ်များရပ်နားထားရန်နှင့် ထုတ်ပြန်ချက်များကို လိုက်နာကြရန်လည်း သတိပေးထားသည်။

စာတည်း။ ။ နောင်နောင်