ဒိုင်လူကြီး အဂတိလိုက်စားမှုမှာ ဘာစီလိုနာ လာဘ်ပေးတယ်ဆိုတဲ့ စွဲချက်များ ရုတ်သိမ်း

By PKThawn

ဒိုင်လူကြီး အဂတိလိုက်စားမှု အရှုပ်တော်ပုံနဲ့ ဆက်စပ်ပြီး ဘာစီလိုနာအပေါ် လာဘ်ပေးမှုစွဲချက်တွေကို စပိန်တရားရုံးတရုံးက သောကြာနေ့မှာ ပယ်ဖျက်လိုက်သလို ဥက္ကဋ္ဌ ဂျုံးလာပေါ်တာအပေါ် စုံစမ်းစစ်ဆေးမှုကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။

ကလပ်အသင်းက ၁၉၉၄ မှ ၂၀၁၈ အတွင်း ဒိုင်လူကြီးများအကြီးအကဲဟောင်းတဦးကို ယူရို ၇ ဒသမ ၃ သန်း (ဒေါ်လာ ၇ ဒသမ ၉ သန်း)ကျော် ငွေပေးချေခဲ့ပြီးနောက် ဥက္ကဋ္ဌတွေဖြစ်တဲ့ ဂျိုးဇက်မာရီယာ ဘာတိုမြူ၊ ဆန်ဒရိုရိုဆဲလ်နဲ့ တခြားသူတွေဟာ အားကစားဆိုင်ရာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များဖြင့် စုံစမ်းစစ်ဆေးခံနေရဆဲဖြစ်ပါတယ်။

၂၀၀၁ မှ ၂၀၁၈ အတွင်း ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးဖို့ ကြိုးပမ်းတဲ့အနေနဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဒိုင်လူကြီးများကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဟိုဆေး မာရီယာအင်းနရစ် နီဂရီယာ ပိုင်ကုမ္ပဏီတခုကို ပေးချေခဲ့တယ်လို့ အစိုးရရှေ့နေတွေက သံသယရှိခဲ့ကြတာပါ။

“တရားရုံးတွေကနေတဆင့် (ဒီဖြစ်ရပ်)ကို အတိအကျ ရှင်းနိုင်ပြီး ကလပ်ရဲ့ လုံးဝအပြစ်ကင်းကြောင်းကို သက်သေပြနိုင်တယ်လို့ ကျနော်တို့ အခိုင်အမာ ယုံကြည်ပါတယ်”လို့ ဘာစီလိုနာက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

နီဂရီရာအနေနဲ့ CTA ရဲ့ ဒုတိယဥက္ကဋ္ဌအဖြစ် ရာထူးသက်တမ်းအတွင်း “public official” မဟုတ်ခဲ့ကြောင်း ဘာစီလိုနာတရုံးရဲ့ ဆုံးဖြစ်တဲ့အပေါ်မူတည်ကာ လာဘ်ပေးလာဘ်ယူမှု စွဲချက်တွေကို ပယ်ဖျက်လိုက်တာဖြစ်ပါတယ်။

နီဂရီရာပိုင်ဆိုင်တဲ့ Dasnil 95 ကုမ္ပဏီမှ ၂၀၁၆ နဲ့ ၂၀၁၈ အကြား အခွန်ပေးဆောင်မှုတွေမှာ မူမှန်မှုတွေကို စပိန်အခွန်အာဏာပိုင်တွေက ဖော်ထုတ်ခဲ့ပြီးနောက် စုံစမ်းစစ်ဆေးမှုကို ၂၀၂၃ မတ်လမှာ စတင်ခဲ့တာပါ။

ဘာစီလိုနာအသင်းကမူ ဒိုင်လူကြီးတွေနဲ့ ပတ်သက်ပြီး နည်းစနစ်ပိုင်းဆိုင်ရာ အစီရင်ခံစာရေးသားခြင်းအတွက် Dasnil 95 ကုမ္ပဏီကို ငွေပေးခဲ့တယ်လို့ ပြောပါတယ်။

(AFP)