ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့ စစ်ဆေးမှုလုပ်နေစဉ် စကစတပ် လက်နက်ကြီးပစ်ခတ်

ပုံအညွှန်း- ‌ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် စစ်ဆေးမှုများ ပြုလုပ်နေသည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ကို မေလ ၂၆ ရက်နေ့က တွေ့ရစဉ် (Photos- ဂဠုန်စစ်ကြောင်း)

ဟန်ထူးဇော်

(မဇ္ဈိမ) ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောကို ဆက်သွယ်ထားသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးလမ်းပိုင်းကို မေလ၂၆ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ရှောင်တခင် စစ်ဆေးရေး ပြုလုပ်နေစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းထံမှ သိရသည်။

ဂဠုန်စစ်ကြောင်းနှင့် မွန်ပြည်နယ်လွတ်မြောက်ရေးတပ်တော် ( MLA ) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များမှ ယင်းလမ်းပိုင်းတွင် ခရီးသွားလာနေသည့် ပြည်သူများကို ရှောင်တခင် စစ်ဆေးနေစဉ် ကျိုက်မရောမြို့နယ် စစ်ကောင်စီတပ် ခလရ (၂၀၈) က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ကျိုက်မရော ခလရ (၂၀၈) ကနေပြီးတော့ (၁၀၅) မမ ဟာဝစ်ဇာနဲ့ ပစ်တာပါ၊ ကျိုက်မရောနဲ့ဆို မြစ်ပဲခြားပါတယ်၊ ဟိုဘက်ကမ်း၊ သည်ဘက်ကမ်းပေါ့နော်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂဠုန်စစ်ကြောင်း တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

ခမရ ( ၂၀၈ ) တပ်က နံနက် ၁၁ နာရီခွဲအချိန်တွင် (၆၀) မမ လက်နက်ကြီးဖြင့် တကြိမ်၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် (၁၀၅) မမ လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအချို့လည်း ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွေ့ပြောင်းအလုပ်သမား မိသားစုတန်းလျားများ ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့စစ်တဲ့နားကို နှစ်လုံးပစ်တယ်၊ အဲ့အနားမှာ ရွေ့ပြောင်းအလုပ်သမား မိသားစုတွေကိုငှါးတဲ့ အလုပ်သမားတန်းလျား နှစ်ခုကို ကျတာပေါ့၊ ကျိုက်မရော စံပါယ်ဂူတံတားအဆင်း ကော့ပနောရွာလမ်းဆုံနားက ဂိတ်ကိုလည်း တလုံးပစ်တယ်”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂဠုန်စစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားအသွင်ယူပြီး စုံစမ်းထောက်လှမ်းမှုများ လုပ်ဆောင်နေကြောင်း သတင်းရသည့်အတွက် ယင်းလမ်းပိုင်းကို ရှောင်တခင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးရေးတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

“လူသွားလည်းများတော့ စစ်တပ်က ထောက်လှမ်းရေးတွေက အရပ်သားအသွင်ယူတာတွေ ရှိတယ်၊ အဲ့အတွက်ကြောင့် စစ်ဆေးတာပါ၊ အဓိကတော့ ဒေတာအချက် အလက်တွေ ပေါ့နော်၊ ဖုန်းအဓိက စစ်တာပေါ့၊ တချို့စစ်တပ်နဲ့ပတ်သက်တဲ့ ချန်နယ်တွေ ရှာထားတာတွေတော့ တွေ့ခဲ့ရတယ်၊ သက်သေမခိုင်လုံတဲ့အတွက် ကျတော်တို့အချက်အလက်နဲ့ ဓာတ်ပုံပဲရိုက်ယူပြီး ပြန်လွတ်ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် မေလ ၂၅ ရက်နေ့ကလည်း ဂဠုန်စစ်ကြောင်းနှင့် ကရင်အမျိုးသားအစည်းအရုံး ( KNU )၊ တပ်မဟာ ( ၆ ) ဒူးပလာယာခရိုင် KNDO တပ်ရင်း ( ၆ ) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ များသည် ကော့ကရိတ်ခရိုင်တွင် ပါဝင်သည့် မြို့နယ်ခွဲ မြို့တခုဖြစ်သည့် ကျုံဒိုးမြို့အတွင်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်