ရုရှားကို တရုတ် ကူညီပံ့ပိုးနေခြင်းကြောင့် စစ်ပွဲက ပိုရှည်ကြာလိမ့်မည်ဟု ယူကရိန်းသမ္မတ သတိပေး

Ukraine's President Volodymyr Zelensky speaks during a questions and answers session with International media representatives in the Latvian National History Museum on January 11, 2024 in Riga, Latvia. (Photo by Gints Ivuskans / AFP)

ပုံဟောင်း − ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး

The Print

ရုရှားကို တရုတ်က ထောက်ကူပံ့ပိုးနေပြီး ယင်းက ယူကရိန်းစစ်ပွဲကို ပိုမိုရှည်ကြာစေလိမ့်မည် ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဇွန်လ ၂ ရက် စင်္ကာပူတွင် ကျင်းပသည့် အာရှ၏ အဓိကလုံခြုံရေးဆွေးနွေးပွဲ၌ သတိပေးပြောကြားသည်။

ထို့ပြင် ရုရှားဘက်က ဟန့်တားပိတ်ဆို့ရန် ကြိုးပမ်းနေသည့် ငြိမ်းချမ်းရေး ညီလာခံတခုကို တက်ရောက်ရန် အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံများကို ဇယ်လန်စကီးက တိုက်တွန်းသည်။ ယူကရိန်းဆိုင်ရာ နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံကို ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်တွင် ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပရန် စီစဉ်ထားသည်။

“ရုရှားအပေါ် တရုတ်က ထောက်ကူပံ့ပိုးနေတာနဲ့အမျှ စစ်ပွဲက ပိုရှည်ကြာပါလိမ့်မယ်။ ဒါက တကမ္ဘာလုံးအတွက်သာမက တရုတ်ရဲ့ မူဝါဒအတွက်ပါ မကောင်းလှပါဘူး။ တရုတ်ဟာ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲမှုနဲ့ အချုပ်အချာအာဏာကို ထောက်ခံတယ်လို့ ကြေညာထားပြီး ဒါကို တရားဝင်‌ ကြေညာထားတာပါ။ သူတို့အတွက်တော့ ခုလိုက မကောင်းလှပါဘူး” ဟု ဇယ်လန်စကီးက ရှန်ဂရီလာ ဆွေးနွေးပွဲ၏ ဘေးပန်းပြင်ပ သတင်းစာရှင်းလင်းပွဲတခု၌ ပြောကြောင်း စီအင်န်အင်န်က ဖော်ပြသည်။

ယူကရိန်းသမ္မတ ဇယ်လန်စကီးသည် အမေရိကန်နှင့် တရုတ် အပြင် အာရှ-ပစိဖိတ်ဒေသရှိ အခြားသောနိုင်ငံများမှ စစ်ဖက်ကာကွယ်ရေး အကြီးအကဲများ၏ တွေ့ဆုံပွဲသို့ မမျှော်လင့်ဘဲ ရောက်ရှိစဉ် စင်္ကာပူ၌ အထက်ပါမှတ်ချက်များ ပြောဆိုခြင်း ဖြစ်သည်။

ရုရှား၏ လက်နက်ကြီးများ၏ အစိတ်အပိုင်းတချို့သည် တရုတ်ထံမှ လာခြင်းဖြစ်ကြောင်း ဇယ်လန်စကီးက ဇွန်လ ၂ ရက်က ရုရှားအပေါ် တရုတ်၏ ပံ့ပိုးမှုနှင့်ပတ်သက်ပြီး ပြောကြားခြင်း ဖြစ်ကြောင်း စီအင်န်အင်န်က ဖော်ပြသည်။

ထို့ပြင် မကြာမီ ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ခြင်း မပြုရေး နိုင်ငံများကို သိမ်းသွင်းရန် ရုရှား၏ ကြိုးပမ်းမှုတွင် တရုတ်က ထောက်ခံပေးလျက် ရှိကြောင်း ဇယ်လန်စကီးက သတိပေးစကားဆိုသည်။

“ငြိမ်းချမ်းရေး ညီလာခံကို ဟန့်တားဖို့ ရုရှားက ကြိုးစားနေတယ်။ ဒါမှန်ပါတယ်။ ရုရှားဟာ ခုချိန်မှာ ကမ္ဘာ့ နိုင်ငံအတော်များများဆီ လှည့်လည်သွားလာပြီး စိုက်ပျိုးရေးထုတ်ကုန်တွေ၊ စားနပ်ရိက္ခာ ထုတ်ကုန်တွေနဲ့ ဓာတု ထုတ်ကုန်တွေ ပိတ်ဆို့မှုနဲ့ ခြိမ်းခြောက်နေပါတယ်။ ဒါဟာ တကယ်တော့ ငြိမ်းချမ်းရေး ညီလာခံမှာ ကမ္ဘာ့ တခြားနိုင်ငံတွေ မတက်ရောက်အောင် ရုရှားက တိုက်တွန်းနေတာပဲဖြစ်တယ်” ဟု ဇယ်လန်စကီးက စင်္ကာပူတွင် ကျင်းပသည့် ကာကွယ်ရေး ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောပြီးနောက် ယင်းကဲ့သို့ ပြောဆိုကြောင်း စီအင်န်အင်န်က ဖော်ပြသည်။

ဆွစ်ဇာလန်တွင် ကျင်းပရန် စီစဉ်ထားသည့် ယူကရိန်းဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံတွင် တရုတ် ပါဝင်တက်ရောက်မည် မဟုတ်သည့် အခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ဇယ်လန်စကီးက ပြောကြားရာတွင် ရုရှားသည် တရုတ်သံတမန်များ စေလွှတ်ခြင်းအားဖြင့် စုဝေးပွဲကို ကြိုးကိုင်ခြယ်လှယ်နေသည်ဟု စွပ်စွဲသည်။

“တရုတ်မျိုး လွတ်လပ်ပြီး ဩဇာကြီးတဲ့ နိုင်ငံကြီးတနိုင်ငံအနေနဲ့ ပူတင်ရဲ့ လက်ထဲက ဩဇာခံ ဖြစ်နေတာကတော့ ဝမ်းနည်းစရာပါပဲ” ဟု ဇယ်လန်စကီးက ပြောကြောင်း စီအင်န်အင်န်က ဖော်ပြသည်။

ဇွန်လ ၂ ရက် အစောပိုင်းက မိန့်ခွန်းတရပ်တွင် တရုတ် ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန်က တရုတ်အနေဖြင့် တာဝန်သိသော သဘောထားဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကို အားပေးကြောင်း ပြောသည်။

ဒေါင်သည် ရုရှား စစ်ဖက်လုပ်ငန်းကို ထောက်ကူရန် စစ်ဖက်ရော အရပ်ဖက်ရော သုံးနိုင်သည့် ပို့ကုန်များ တရုတ်က အသုံးပြုနေသည် ဆိုသည့် အမေရိကန်၏ စွပ်စွဲချက်များကို ဖြေရှင်းပုံရကြောင်း စီအင်န်အင်န်က ဖော်ပြသည်။ တရုတ်အနေဖြင့် စစ်ဖက်ရော အရပ်ဖက်ရော သုံးနိုင်သည့် ပို့ကုန်များအပေါ် ပိုမို တင်းကျပ်စွာ ထိန်းချုပ်ထားကြောင်းနှင့် ပဋိပက္ခ၌ မည်သည့်ဘက်ကိုမှ လက်နက်များ ပံ့ပိုးခြင်း မရှိခဲ့ကြောင်း ဒေါင်က ပြောသည်။

မေလ ၃၁ ရက်က ဆွေးနွေးမှုတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ဒေါင်နှင့် အဆိုပါ အပြန်အလှန် ပြောဆိုမှုများကို ဖြစ်စေခဲ့ပြီး ရုရှားထံ တရုတ်ဘက်က စစ်ဖက် အကူအညီပေးပါက တရုတ်အနေဖြင့် တာဝန်ခံရမည်ဟု ခြိမ်းခြောက်သည်။

ရှန်ဂရီလာ ဆွေးနွေးပွဲသည် အာရှ၏ အရေးပါသော နှစ်စဉ်ကျင်းပသည့် ကာကွယ်ရေး ညီလာခံတခု ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုကို အားပေးရန်နှင့် ဒေသဆိုင်ရာ လုံခြုံရေး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရခေါင်းဆောင်များ၊ အကြီးတန်းအရာရှိများ၊ ကျွမ်းကျင်သူများနှင့် စီးပွားရေးအထင်ကရပုဂ္ဂိုလ်များ စုဝေးသည်။