တီးတိန်တိုက်ပွဲအတွင်း အရပ်သား ၅ ဦးသေဆုံး၊ စစ်ကောင်စီတပ်က နေအိမ်များကို ထပ်မံမီးရှို့နေဟုဆို

ပုံအညွှန်း ။ ။ တီးတိန်မြို့တွင် မေလ ၂၇ရက်နေ့က စစ်ကောင်စီတပ် မီးရှို့မှုကြောင့် မီး​လောင်သွားသော နေအိမ်များ ဓာတ်ပုံ။ ။ CyaQual

တီးတိန်မြို့တွင်မေလ ၂၇ရက်နေ့က စစ်ကောင်စီတပ် မီးရှို့မှုကြောင့် မီး​လောင်သွားသော နေအိမ်များ/ဓာတ်ပုံ။ ။ CyaQual

ကိုခင်မောင်

(မဇ္စျိမ)။ ။ချင်းပြည်နယ်၊ တီးတိန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲ များကြောင့် အရပ်သားငါးဦးသေဆုံးပြီး ယနေ့(ဇွန်လ ၄ ရက်)တွင်လည်း စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့ နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)နှင့် ဒေသခံများထံမှ သိရသည်။

မေလ ၂၆ ရက်နေ့ ညပိုင်းမှစ၍ ဇွန်လ ၄ ရက်နေ့အထိ ရှစ်ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက် ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှု၊ လေကြောင်းမှ တိုက်ခိုက်မှု၊ သေနတ်ဖြင့်ပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက် သေဆုံးရခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)အဖွဲ့တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

“မေလ ၂၆ ရက်နေ့က မွာလ်လုမ်းရွာမှာ စစ်ကောင်စီတပ်ရဲ့ဗုံးကြောင့် သားအဖနှစ်ယောက်သေဆုံးတယ်၊ ဘုရား ကျောင်းနှစ်ကျောင်းပျက်စီးတယ်။ မေလ ၂၇ ရက်နေ့မှာတော့ စစ်ဘေးရှောင်ဖို့ပြေးလာတဲ့ ဇနီးမောင်နှံ စစ်ကောင်စီ ရဲ့လက်နက်ကြီးထိမှန်ပြီး ဇနီးသည်ဆုံးသွားတယ်။ ဇွန်လ ၂ ရက်နေ့မှာ တီးတိန်မြို့ပေါ်က လွယ်ဘွာလ်ရပ်မှာ စစ်ကောင်စီက မီးရှို့ပစ်ခတ်လို့ အမျိုးသားနှစ်ဦးသေဆုံးသွားပါတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) တာဝန် ရှိသူ ဆလိုင်းမာန်က မဇ္စျိမကို ပြောသည်။

မေလ ၂၆ ရက်နေ့က တီးတိန်မြို့နယ် မွာလ်လုမ်းကျေးရွာကို စစ်ကောင်စီတပ်မှ Mi35 ရဟတ်ယာဥ်ဖြင့် ဗုံးကြဲတိုက် ခိုက်ခြင်းကြောင့် နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ဦးကျင့်ဇကမ်း(၄၀ နှစ်)နှင့် သားဖြစ်သူ မောင်ကျင့်ခေါမ်း ခိုင်( ၁၁ နှစ်)တို့ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကပစ်ခတ်သော လက်နက်ကြီးသည် တီးတိန်မြို့ မီးသတ်တပ်ဖွဲ့ရုံးအနီးသို့ ကျရောက်ပေါက်ကွဲသဖြင့် အသက် ၃၅ နှစ်အရွယ် ဒေါ်မန်းလမ့်ဝုန်သေဆုံးသွားပြီး ၎င်း၏ အစ်ကို အသက် ၄၀ ကျော်အရွယ် ဦးပါးဒါလ်း ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၂ ရက်နေ့က တီးတိန်မြို့ လွယ်ဘွာလ်ရပ်ကွက်၌ ဆိုင်ကယ်စီးနင်းလာနေသော အရပ်သားနှစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်၍ နှစ်ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။

ယနေ့ (ဇွန်လ ၄ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်မှစ၍ မွန်းလွဲပိုင်းအထိ တီးတိန်မြို့ လွယ်ဘွာလ်ရပ်ကွက်နှင့် လေးလုမ်းရပ်ကွက်တို့တွင် လက်နက်ကြီးလက်နက်ငယ်သံများ ဆက်တိုက်ကြားနေရကြောင်း ဒေသခံတဦးက မဇ္စျိမအား ပြောသည်။

“ဒီနေ့ မနက် ၉ နာရီခွဲခန့်ကစပြီး ပစ်ခတ်မှုပြန်ဖြစ်တယ်။ သေနတ်သံကြားတာနဲ့ မီးခိုးတွေ ထွက်လာတော့တာပဲ။ လွယ်ဘွာလ်ရပ်ကွက်က ဘောလုံးကွင်းအနီးတဝိုက် မီးလောင်နေတယ်။ ပစ်ခတ်မှုကတော့ လွယ်ဘွာလ်နဲ့ လေး လုမ်းရပ်ကွက်တွေမှာ ဖြစ်နေတာပါ။ လူနေအိမ် ဘယ်လောင်သွားတယ်ဆိုတာတော့ အတည်မပြုနိုင်သေးဘူး” ဟု အဆိုပါဒေသခံက မဇ္စျိမကို ပြောသည်။

တီးတိန်မြို့ကို PDF- Zoland နှင့် CNDF တို့ပါဝင်သော ချင်းညီနောင်တပ်ဖွဲ့များမှ မေလ၂၆ ရက်နေ့ ညပိုင်းမှစ၍ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

မေလ ၂၇ ရက်နေ့တွင် တီးတိန် မြို့မရပ်ကွက်ရှိ စစ်ကောင်စီတပ်များတပ်စွဲထားသည့် နယ်စပ်ဒေသနှင့် တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(နတလ)ရုံးနှင့် ဆက်သွယ်ရေးရုံးတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ကိုးဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းအချို့ရရှိခဲ့ကြောင်း PDF-Zoland တပ်ဖွဲ့ထံမှ သိရသည်။

လတ်တလောတွင် တီးတိန်မြို့မှ ဒေသခံ ၁၀,၀၀၀ ကျော်သည် စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်၊ ကျန်ဖိုင်းမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

တီးတိန်မြို့တွင် စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် မေလ ၂၇ ရက်မှ ဇွန်လ ၄ ရက်နေ့အထိ နေအိမ် အလုံး ၅၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း။ ။စောဖေ