နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရုတ်မှ ထွက်ခွာသွားပြီး လုပ်ငန်းပိတ်သိမ်းမှုများ မြင့်တက်လာ

Financial Post

တရုတ်သည် လက်ရှိကာလတွင် ကြီးမားသော စီးပွားရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ တချိန်က နိုင်ငံစီးပွားရေး တိုးတက်မှုအတွက် အဓိကမောင်းနှင်အားဖြစ်ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ယင်းအပြောင်းအလဲသည် လုပ်ငန်းပိတ်သိမ်းမှုများကို ကြီးကြီးမားမား ဖြစ်စေသော ဆင့်ကဲအကျိုးသက်ရောက်မှု ရှိလာသည်။ ထို့ပြင် ကဏ္ဍအသီးသီးတွင် ဝန်ထမ်းလစာ ဖြတ်တောက်မှုများ ပိုမိုများပြားလာပြီး စီးပွားရေးဖိအားများ ပြင်းထန်လာသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဆုတ်ခွာသွား၍ လုပ်ငန်းပိတ်သိမ်းမှုများ မြင့်တက်လာပြီး လစာဖြတ်တောက်မှုများနှင့် ကြွေးကျန် ပြဿနာများ က နိုင်ငံတဝန်း ဖြစ်ပေါ်နေသည်။ အထူးသဖြင့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများတွင် လစာဖြတ်တောက်ခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်းများ ကြီးကြီးမားမား ဖြစ်ပေါ်နေပြီး အသက်မွေးဝမ်းကြောင်း လုပ်ငန်းများမှာ အာမခံချက်မရှိဘဲ စွန့်ခွာနေကြရကြောင်း တရုတ်ပြည်မကြီးရှိ ပြည်သူ့ဝန်ထမ်းများက New Tang Dynasty ရုပ်သံ သတင်းဌာန သို့ ပြောကြားသည်။

ဂျန်းစု ပြည်နယ်မှ ပြည်သူ့ဝန်ထမ်းတဦးဖြစ်သူ ရှောင် က လက်ရှိ စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ အတွေ့အကြုံကို မျှဝေခဲ့သည်။ ယခင်က ၎င်း၏ လစာမှာ ယွမ် ၁၃,၀၀၀ ရခဲ့သော်လည်း ယခုအခါ ယွမ် ၁၀,၀၀၀ သို့ ကျဆင်းသွားသည် ဟု ဆိုသည်။ ယင်းမှာ တရုတ်ပြည်တွင် အစိုးရဝန်ထမ်းလုပ်ခလစာ ၃၀ % ကျဆင်းသွားကြောင်း ညွှန်ပြနေပြီး ယခုအခါ အသက် ၃၅ နှစ်အထက် မည်သူမဆို တက္ကသိုလ်ဘွဲ့ရများပင်လျှင် အလုပ်ကောင်းကောင်းရှာရန် ခက်ခဲနေကြောင်း ၎င်း က ဆိုသည်။

ချီချီရာ ရှိ ပြည်သူ့ဝန်ထမ်းနှစ်ဦးဖြစ်သူ ဂျီအန် နှင့် ၎င်း ၏ ဖခင်သည် ရာထူးမှ ထုတ်ပယ် ခံခဲ့ရပြီး အသက်မွေးဝမ်းကြောင်းအတွက် ရပ်တည်ရန် ခက်ခဲနေသည်။ “ကျွန်တော့် သားက အစိုးရ နဲ့ စာချုပ် ချုပ်ထားပေမယ့် သူတို့ က အလုပ်ဆက်မခန့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော် တို့  အလုပ်လက်မဲ့ အကျိုးခံစားခွင့် မရတာလည်း တနှစ်နီးပါးရှိပြီ။ ကျွန်တော်က အငြိမ်းစားယူဖို့ နီးနေပါပြီ။ ဒါပေမယ့် အခု ကျွန်တော် အငြိမ်းစားယူဖို့ လုပ်သက် ခြောက်နှစ် အလျှော့ခံရတယ်။ ကျွန်တော် ပြောပါရစေ။ ဒီလူ့အဖွဲ့အစည်းကို ဖြိုချပြီး ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတာ။ အဲ့လိုမလုပ်ရင် ဒီနိုင်ငံဟာ ပိုဆိုးလာလိမ့်မယ်” ဟု ဖခင် ဖြစ်သူက စိတ်ပျက်လက်ပျက်ပြောသည်။

၎င်း ၏ စကားများသည် လက်ရှိအခြေအနေနှင့် ပတ်သက်၍ မကျေနပ်မှုများစွာကို ထင်ဟပ်နေသည်။ ရာထူးမှရပ်စဲခြင်းနှင့် ဘွဲ့ရလူငယ်များ အလုပ်အကိုင်ရှာဖွေနိုင်မှု မရှိခြင်းက မည်သူတွင် တာဝန်ရှိပါသနည်း။ တရုတ်ကွန်မြူနစ်ပါတီ မှ လွန်ခဲ့သည့် သုံးနှစ်အတွင်း ချမှတ်ခဲ့သော ကူးစက်ရောဂါဆိုင်ရာ ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ သည် အိမ်ခြံမြေစျေးကွက်ပျက်ပြားမှု၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း၊ စက်မှုဇုန်များ ပြောင်းရွှေ့ခြင်းနှင့် စက်ရုံများ ပိတ်သိမ်းခြင်းတို့ကို ဖြစ်ပေါ်စေပြီး နိုင်ငံ၏ ဆိုးရွားသော စီးပွားရေးအကျပ်အတည်းကို ဖြစ်ပေါ်စေသည်။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများတွင်ပင် အလုပ်ထုတ်ပယ်မှုများ ကြီးကြီးမားမား ဖြစ်ပေါ်နေကြောင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း တခုမှ ဝန်ထမ်းဟောင်းဖြစ်သူ မစ္စတာလီက ဆိုသည်။ အထူးသဖြင့် နိုင်ငံပိုင်နှင့် ဗဟိုစီးပွားရေးလုပ်ငန်းများကို ထိခိုက်စေသည့် ဆိုးရွားသော စီးပွားရေးကျဆင်းမှုကို ၎င်းက ထုတ်ဖော်ပြောခဲ့သည်။ ၎င်း တာဝန်ထမ်းဆောင်ခဲ့သော ယခင် ဌာန တွင် စျေးကွက်ဝယ်လိုအား မရှိခြင်းကြောင့် ထုတ်လုပ်မှု စွမ်းဆောင်ရည် အနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ပြီး အလုပ်ထုတ်ပယ်မှုများ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့သည်။ အလုပ်ထုတ်ပယ်မှုများအတွက် လျော်ကြေးပေးပြီးနောက်ပိုင်း ဂရုမစိုက်တော့ကြောင်း ၎င်း က ဆိုသည်။

ပြည်တွင်းကြွေးမြီများ စုပုံလာသဖြင့် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ ၏ ငွေကြေးအခက်အခဲများကို လီ က ရှင်းပြသည်။ ၂၀၂၃ မှ စ၍  ဝန်ထမ်းအများအပြားကို အလုပ်မှ ထုတ်ပယ်ခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် ပြည်နယ်နှင့် မြို့ကြီးများ၌ ခေါင်းဆောင်ရာထူးများကို လျှော့ချကြောင်း ကြေညာခဲ့သည်။ ယင်းမှာ စီးပွားရေးစိန်ခေါ်မှုများကို ရည်ညွှန်းနေသည်။ ဟူနန် ပြည်နယ်တွင် မေ အစောပိုင်း၌ လုပ်သားအင်အား ၅၀ % ထက်မနည်း လျှော့ချခဲ့သည်။

လူဇောင်အင်း စီချွမ် ကဲ့သို့ စီးပွားရေး တည်ငြိမ်သော ဒေသများတွင်ပင် လစာ လျှော့ချမှုများနှင့် ပြည်သူ့ဝန်ထမ်း အကျိုးခံစားခွင့်များ ဖျက်သိမ်းခြင်းတို့ရှိပြီး  အချို့ ထောက်ပံ့ကြေးများကို လုံးဝ ဖျက်သိမ်းလိုက်ကြောင်း လူဇောင် ရှိ အလယ်တန်းကျောင်း ဆရာတဦးဖြစ်သူ ဝမ် က ပြောကြားသည်။  

၂၀၂၄ ဇန်နဝါရီမှ စတင်၍ ၎င်းတို့၏ လစာများမှ သုံးရက် မှ ငါးရက်အထိ နှောင့်နှေးခဲ့ပြီး ယခု ဧပြီအထိ လစာမရသေးကြောင်း ဂျီအန်း က ဆိုသည်။ ခရိုင်အတွင်း စီးပွားရေးအခြေအနေသည် မြို့ပြ‌ဒေသများထက်ပင် ပိုဆိုးနေသည်။ ဝန်ထမ်းများသည် ၎င်းတို့၏ လစာများကို လွန်ခဲ့သည့် သုံးလ က နောက်ဆုံးရခဲ့ခြင်း ဖြစ်သည်။ ၂၀၂၂ မှ စတင်၍ ပြည်သူ့ဝန်ထမ်းလစာများ လျှော့ချခဲ့ပြီး သက်သာချောင်ချိရေး ခံစားခွင့်များကို လျှော့ချခြင်း သို့မဟုတ် တိုက်ရိုက် ပယ်ဖျက်ခဲ့ခြင်းရှိကြောင်း ၎င်းက ပြောသည်။ လုပ်ခလစာ မရသူများအားလုံး မည်သို့ လုပ်ဆောင်ကြမည်နည်း။ လမ်းပေါ်ထွက် ဆန္ဒပြဝံ့ကြပါသလား။ နောက်ဆုံးတွင် ၎င်းတို့သည် မည်သို့မျှ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိကြပါ။

တပ်မတော်သားများနှင့် ရဲအရာရှိများပင်လျှင် ၎င်းတို့၏ လုပ်ခလစာ များ မရရှိကြကြောင်း ၎င်း က ဆိုသည်။ သာမန်ပြည်သူတွေကို ဖိနှိပ်ဖို့ ခန့်အပ်ထားတဲ့ လုံခြုံရေးဝန်ထမ်းများ ၏ လုပ်ခလစာကိုပင် အပြည့်အဝ ပေးနိုင်ခြင်း မရှိပါ။ အာဏာပိုင်များ၏ ဘဏ္ဍာရေးဆိုင်ရာ ဦးစားပေးမှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ဂျီအန်းက ပြောကြားသည်။ အာဏာပိုင်များသည် ရုရှားနှင့် အာဖရိက နိုင်ငံများသို့ ဘီလီယံ ရာနှင့်ချီ ပေးဆောင်နေသော်လည်း ပြည်သူများ အနေဖြင့် စားဝတ်နေရေးကို ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိကြောင်း ၎င်း က ဆိုသည်။ အဆိုပါ ငွေများအား မည်သည့်အတွက်ကြောင့် ပြည်သူ့ဝန်ထမ်းလစာများ  ပေးဆောင်ရန်နှင့် နိုင်ငံသားများ၏  အသက်အိုးအိမ်စည်းစိမ် အတွက် ဖိအားများ လျော့ကျစေရန် အသုံးမပြုသည်ကို ၎င်း ကမေးခွန်းထုတ်ခဲ့သည်။

တရုတ်၏ စီးပွားရေးအကျပ်အတည်းကြောင့် အစိုးရဝန်ထမ်းများ၏ လစာများ သိသိသာသာ လျှော့ချခြင်း၊ အလုပ်ထုတ်ပယ်ခြင်းများနှင့် အလုပ်လက်မဲ့များတိုးလာခြင်းတို့ ဖြစ်ပေါ်စေခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်းခြင်းနှင့် လုပ်ငန်းပိတ်သိမ်းခြင်းတို့ကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့သည်။ နိုင်ငံသားများ ရုန်းကန်နေရချိန်တွင် နိုင်ငံခြားတိုင်းပြည်များသို့ ရန်ပုံငွေခွဲဝေပေးခြင်းဖြင့် အာဏာပိုင်များ၏ ဘဏ္ဍာရေးဆိုင်ရာ ဦးစားပေးမှုများကို မေးခွန်းထုတ်ခဲ့သည်။ ဂျီအန်း၊ ရှောင် နှင့် လီ တို့ကဲ့သို့ ပြည်သူ့ဝန်ထမ်းများ ၏ အသံများသည် ပြည်သူအများ ၏ မကျေနပ်မှုများကို ထင်ဟပ်စေသည်။ လက်ရှိအခြေအနေသည် ပြည်သူများ ကြုံတွေ့နေရသော အခက်အခဲများကို သက်သာရာရစေရန် အရေးကြီးသော ပြန်လည်အကဲဖြတ်မှုနှင့် စနစ်အား ပြန်လည် ဖွဲ့စည်းမှုပြုလုပ်ရန် တောင်းဆိုထားသည်။ ယင်းမှာ တရုတ်အတွက် အရေးကြီးသော အခိုက်အတန့်ဖြစ်ပြီး ယခုချမည့် ဆုံးဖြတ်ချက်များသည် ၎င်း၏အနာဂတ်ကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်ဖြစ်သည်။