ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုရှိဟု AA ပြော

မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ သိမ်းပိုက်ရရှိခဲ့သော စစ်သင်္ဘောနှင့် အတူ တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- AA Info Desk)

YT

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင်းရှိ တရုတ်​၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA)ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။

ယမန်နေ့(ဇွန်လ ၈ ရက်)က ပြုလုပ်သည့် နဝမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်တဦး​၏ အမေးကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်​၏ဦးဆောင်မှုဖြင့် စစ်ကောင်စီနှင့် ရှမ်းမြောက် မဟာမိတ်သုံးဖွဲ့ ဆွေးနွေးခဲ့သည့် ဟိုက်ဂင် သဘောတူညီဆွေးနွေးမှုအပြီိးတွင် ရခိုင်ပြည်နယ်အတွင်းရှိ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဆွေးနွေးမှုများရှိကြောင်း ဦးခိုင်သုခက ပြောသည်။

” တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေနဲ့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရဖို့ သူ့ဘက်က လိုလားတယ်။ နောက်ပြီး သူ့ရဲ့ ရခိုင်ပြည်ထဲမှာ ရှိနေတဲ့ အကျိုးစီးပွားတွေ အဲ့ဒီအကျိုးစီးပွားတွေကို အပြည့်အဝ အကာအကွယ်ပေးစေချင်တယ်။ နယ်စပ်ဒေသတွေမှာ တည်ငြိမ်စေချင်တယ်” ဟု ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ULA/ AA တွင် ရခိုင်ပြည်အတွင်းရှိ မည်သည့် ရင်းနှီးမြှုပ်နှံမှုမျိုးကိုမဆို အကာအကွယ်ပေးမည့်မူဝါဒ အခိုင်အမာရှိကြောင်း ဦးခိုင်သုခက ဆိုသည်။

ထို့ပြင် တရုတ်နိုင်ငံ​၏ ကမကထပြုလုပ်မှုဖြင့် စစ်ကောင်စီနှင့် ULA/ AA အကြား တိုက်ပွဲများရပ်စဲ၍ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုရှိခဲ့သော်လည်း တိုက်ပွဲများရပ်တန့်ရန် အခက်အခဲရှိကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဦးခိုင်သုခ​၏ ပြောကြားချက်အရ သိရသည်။

” ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီကို ပြောခဲ့တယ်။ ဒါပေမယ့် ဒီနေ့အချိန်ထိ ဆက်ဖြစ်နေပါတယ်။ ဒါက ရခိုင်တခုတည်းမှာပဲ မဟုတ်ပါ။ ကျွန်တော်တို့နဲ့ ဆက်စပ်နေတဲ့ စစ်မြေပြင်တွေမှာလည်း ဆက်လက်ဖြစ်ပွားနေတယ်ဆိုတော့ ဒီအပစ်အခတ်ရပ်စဲဖို့ကိစ္စကတော့ အများကြီးအခက်အခဲရှိပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ပြင်းထန်နေစဉ် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီိက တရုတ်နိုင်ငံပိုင် CITIC Group နှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် နောက်ဆက်တွဲစာချုပ် ချုပ်ဆိုခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)