ရေဖြူတွင် စစ်ရေးတင်းမာနေပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် လသားကလေးအပါအဝင် မိသားစုဝင် ၃ ဦးသေဆုံး

ဓါတ်ပုံ- ပျက်စီးသွားသည့်နေအိမ် (Daw Na စစ်ကြောင်း)

ဓါတ်ပုံ- ပျက်စီးသွားသည့်နေအိမ် (Daw Na စစ်ကြောင်း)

ဂျူချန်း

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ရေဖြူမြို့နယ်၊ ရားဖူးရွာသစ်ကျေးရွာကို စစ်ကောင်စီရေတပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး အသက်ခြောက်လအရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်သုံးဦးသေဆုံးကာ ကိုးနှစ်အရွယ်ကလေးတဦးဒဏ်ရာရခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်ခန့်က ရေဖြူမြို့အခြေစိုက် မောရဝတီရေတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ရားဖူးရွာသစ်ကျေးရွာမှ နေအိမ်တအိမ်ပေါ် ကျရောက်ပေါက်ကွဲခြင်းဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF) တာဝန်ခံ နိုင်နဂါးကပြောသည်။

“ကိုးနှစ်သားအရွယ် သားလေး အသက်လုနေရတဲ့ အခြေအနေရှိတယ်” ဟု ယနေ့ (ဇွန်လ ၁၀ရက်) နံနက်အခြေအနေကို နိုင်နဂါးက ပြောသည်။

စစ်ကောင်စီသည် ဇွန်လ၇ရက်နေ့က ရေး-ထားဝယ်လမ်းပိုင်းဘေးအနီးဝန်းကျင်နေရာအချို့ကို စစ်ကြောင်းထိုးလာရာ ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့သည်။ထိုတိုက်ပွဲတွင် စစ်ကောင်စီစစ်ကြောင်းမှ အရာရှိအပါအဝင်ခြောက်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီအားတိုက်ခိုက်နေသည့် ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။ ထို့နောက် တိုက်ပွဲနှင့်သက်ဆိုင်ခြင်းမရှိသည့် ရားဖူးကျေးရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဟု နိုင်နဂါးက ပြောသည်။

ဇွန်လ ၇ရက်ကတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အသေးစိတ်မသိရှိရသေးပေ။

စစ်ကောင်စီသည် ရေး-ထားဝယ်လမ်းပိုင်းတွင် အရပ်သားဟန်ဆောင်၍ ခရီးသည်တင်ကား၊ ကျောက်သယ်ကားများအသုံးပြုပြီးအင်အား ဖြည့်တင်းနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။တိုက်ပွဲဆက်လက်ပြင်းထန်လာနိုင်သဖြင့် ယင်းလမ်းပိုင်းကို ဇွန်လ ၉ ရက်နေ့မှစတင်ကာ အရေးကြီးသည့်ကိစ္စမှလွဲ၍အသုံးမပြုကြရန်ကာကွယ်ရေးပူးပေါင်းတပ်များက ထုတ်ပြန်ထားသည်။

“ကျနော်တို့က ရေး-ထားဝယ် ကားလမ်းမကြီးကို ထိန်းချုပ်ထားတဲ့အတွက်ကြောင့် နိုင်ငံရေးအရ သူတို့အတွက် အတော်လေးကို အရှက်ရစေတယ်။ နောက်ပြီး မိုးတွင်းကာလရောက်လာတဲ့ခါကျတော့ သယ်ယူပို့ဆောင်ရေးကို အရင်က ရေလမ်းကနေပဲ လုပ်နေတာတော်တော်လေး အခက်အခဲရှိလာတဲ့အတွက်ကြောင့် ရေး-ထားဝယ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ချင်လို့ ခုလိုအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ ကျနော်ထင်ပါတယ်” ဟု နိုင်နဂါး က ပြောသည်။

ပြည်သူများ၏ အကျိုးစီးပွားထိခိုက်မည်ကို စိုးရိမ်သဖြင့် ရေး-ထားဝယ် လမ်းပိုင်းသွားလာခြင်းကို ကန့်သတ်ရခြင်းဖြစ်ကြောင်းနှင့် ထုတ်ပြန်ချက်ကို အထူးလိုက်နာရန် ကာကွယ်ရေးပူးပေါင်းတပ်များက သတိပေးထားသည်။

ရေး-ထားဝယ်လမ်းပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – ဒေါနစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေးတပ်( MSRF ) ၊ KTLA၊ မွန်ပြည်သစ် (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ Saw Dragon Drone Force(ဒရုန်းအထူးတပ်ဖွဲ့)၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF) စသည့် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေစိုးမိုး‌ရေးလုပ်ဆောင်နေသည်။

စာတည်း – အေးချမ်း