သူလျှိုလုပ်မှုနှင့်လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် တရုတ်ထုတ်လုံခြုံရေးကင်မရာများကို နယ်သာလန် ဖယ်ရှားမည်

WION NEWS

နယ်သာလန်မြို့တော် အမ်စတာဒမ်သည် သူလျှိုလုပ်မှုအလားအလာများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်မှုများကြောင့် တရုတ်ကုမ္ပဏီများမှ ထုတ်လုပ်သည့် လုံခြုံရေးကင်မရာများကို မြို့တော်မှ ဖယ်ရှားရန် ကတိပြုထားသည်။

အမ်စတာဒမ်မြူနီစီပယ်သည် ယာဉ်ကြောပိတ်ဆို့မှုနှင့် အများသူငှာနေရာများကို စောင့်ကြည့်ရန် လက်ရှိ အသုံးပြုလျက်ရှိသော တရုတ်ထုတ် ထောက်လှမ်းရေးကင်မရာ ၁,၂၈၀ ခန့်ကို ဖြုတ်သိမ်းရန် စီစဉ်ထားသည်။ ကင်မရာများ ဖြုတ်သိမ်းခြင်းကို ငါးနှစ်အတွင်း ပြုလုပ်မည်ဖြစ်သည်။

ပစ္စည်းပေးသွင်းသူများကိုလည်း တရုတ်ထုတ်မဟုတ်သော ကင်မရာစနစ်များ တပ်ဆင်ခိုင်းမည်ဖြစ်သည်။

အမ်စတာဒမ်ရှိ အိုင်စီတီနှင့်ဒစ်ဂျစ်တယ်မြို့တော်ကောင်စီဝင် အလက်ဇန္ဒားရှော့တက်စ်က “တရုတ်ကင်မရာစနစ်မဟုတ်တဲ့ဟာတွေ ရှာဖို့ ဈေးကွက်ကို သတိပေးပြောကြားထားပါတယ်” ဟု ဆိုသည်။

တရုတ်ကုမ္ပဏီများမှ ထောက်လှမ်းရေးကိရိယာများသည် ရုပ်ပုံများကို ထုတ်လုပ်သူ သို့မဟုတ် ပေကျင်းရှိ အစိုးရထံ ပေးပို့နိုင်သည်ဟူသော စိုးရိမ်မှုများ ကြီးထွားလာပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်အရာရှိများက တရုတ်နည်းပညာကုမ္ပဏီများဖြစ်သည့် Hangzhou Hikvision Digital Technology Co. နှင့် Zhejiang Dahua Technology Co. တို့သည် တရုတ်နိုင်ငံရှိ ဝီဂါလူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်သည်ဟု စွပ်စွဲထားသည်။

ဗြိတိန်နှင့် ဩစတြေးလျအစိုးရတို့က အရေးပါသော အစိုးရနှင့်ကာကွယ်ရေးဆိုင်ရာအဆောက်အအုံများမှ တရုတ်ထုတ် ထောက်လှမ်းရေးနည်းပညာကို ဖယ်ရှားခဲ့ပြီးနောက် နယ်သာလန်က ယခုကဲ့သို့ လှုပ်ရှားလာခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းတွင် နယ်သာလန်စစ်ထောက်လှမ်းရေးနှင့်လုံခြုံရေးဌာနက အန္တရာယ်များသော အဆင့်မြင့်ဆော့ဖ်ဝဲလ်နှင့်ပတ်သက်သည့် တရုတ်သူလျှိုလှုပ်ရှားမှုကို ဖော်ထုတ်ခဲ့သည်။

တရုတ်လုံခြုံရေးကင်မရာများအားလုံးကို ချက်ချင်းအစားထိုးလဲလှယ်ခြင်းသည် ကုန်ကျစရိတ်များသော်လည်း NL Times ၏ အဆိုအရ မြို့တော်ဝန်နှင့် အကြီးအကဲများအပါအဝင် နယ်သာလန်ညွန့်ပေါင်းအစိုးရသည် ကင်မရာစနစ်များဝယ်ယူသည့်အခါ လူ့အခွင့်အရေးစံနှုန်းများကို ထည့်သွင်းစဉ်းစားသည့် စာချုပ်အသစ်များ အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိသည်။

စည်ပင်သာယာရေးဌာနများသည် ယခုငါးနှစ်အတွင်း လက်ရှိတရုတ်ကင်မရာများအားလုံးကို လဲလှယ်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်နိုင်ခြေနှင့် ကုန်ကျစရိတ်များကို တဆင့်ချင်း အကဲဖြတ်ကာ တရုတ်ကင်မရာများနေရာတွင် အစားထိုးရွေးချယ်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။