ကျောက်မဲတိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီအမြောက်တပ်နှင့်စခန်းသာကုန်းကို TNLAတိုက်ခိုက်

ပုံအညွှန်း − ကျောက်မဲမြို့၏ ဇွန်လ ၂၆ ရက် နံနက်ခင်းမြင်ကွင်း။

ရွှေနွယ်

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှ စစ်ကောင်စီ၏ အမြောက်တပ် အမတ(၃၅၂)နှင့် စခန်းသာကုန်းတို့ကို တအာင်းအမျိုးသားတပ်မတော်(TNLA)က တိုက်ခိုက်နေပြီး ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်း၌ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

” TNLA၊ PDF က တိုက်နေတာပါ။ မြို့ထဲမှာကို ချနေတာ။ စစ်တပ်စခန်းတွေကို ဆက်တိုက်နေတာ” ဟု မြို့ခံတဦးကပြောသည်။

ကျောက်မဲမြို့တွင် ယမန်နေ့(ဇွန်လ၂၅ရက်)ည ၁၀နာရီခန့်မှစတင်၍ ပစ်ခတ်သံများရပ်တန့်သွားပြီး ယနေ့ နံနက် ၈နာရီ၄၅မိနစ်၌ တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဟု သိရသည်။
စစ်ကောင်စီ၏ အမြောက်တပ် အမတ(၃၅၂)နှင့် စခန်းသာကုန်းတွင် တိုက်ပွဲဖြစ်ပွားနေကြောင်း TNLAက ယနေ့နံနက်ပိုင်း၌ သတင်းထုတ်ပြန်ထားသည်။

ကျောက်မဲမြို့ရဲစခန်းဘက်မှလည်း ပစ်ခတ်သံများထွက်ပေါ်နေပြီး မြို့ပေါ်တွင်TNLA ပူးပေါင်းတပ်များ စစ်ရေးအသာစီးရနေကြောင်း ဒေသခံများကပြောသည်။ကျောက်မဲမြို့တွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၀၁) ၊ (၅၀၂)နှင့် အမြောက်တပ်အမတ (၃၅၂) တို့တည်ရှိပြီး ထိုနေရာများကို TNLA နှင့် PDF ပူးပေါင်းတပ်များကတိုက်ခိုက်နေခြင်းဖြစ်သည်။

ကျောက်မဲမြို့တွင် ယမန်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်နှင့် သီပေါမြို့တို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလျက်ရှိကြောင်းနှင့် အဆိုပါတိုက်ပွဲများသည် ၁၀၂၇ စစ်ဆင်ရေး၏ အဆက်ဖြစ်ကြောင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ထုတ်ပြန်ကြေညာထားသည်။ ယနေ့နံနက်တွင်လည်း အဆိုပါမြို့လေးမြို့၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး နောင်ချိုမြို့ပေါ်သို့ TNLA တပ်များဝင်ရောက်နိုင်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲအတွင်းထိခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီကရော TNLAကပါ သတင်းမထုတ်ပြန်သေးပေ။ ယမန်နေ့က တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း