မြိုင်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးနောက် စစ်ရေးတင်းမာ

စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ရန် ဒရုန်းလွှတ်တင်စဉ် ရုပ်သံ – ဝံပုလွေပြောက်ကျားတပ်ဖွဲ့

ပါခွီး

(မဇ္စျိမ) ။ ။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာမှ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ဒေသတွင်းစစ်ရေးဆက်လက်တင်းမာနေကြောင်း တော်လှန်ရေးအင်အားစုများကပြောသည်။

ကိုင်းတောမရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဇွန်လ ၂၄ရက်နေ့ ညနေတွင် ဒရုန်းဖြင့် ဗုံးသီး ခြောက်လုံးချ၍ တိုက်ခိုက်ခဲ့ခြင်းဟု မြိုင်မြို့နယ်နယ်ပြည်သူကာကွယ်ရေးအဖွဲ့ ၊တပ်ရင်း(၃) တပ်ခွဲ(၁) ဝံပုလွေပြောက်ကျားတပ်ဖွဲ့က ဇွန်လ ၂၇ရက်တွင် သတင်းထုတ်ပြန်ထားသည်။

” တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကြောင်းထွက်လာတယ်။ အင်အားလည်း တိုးထားတယ်။ ထိတွေ့တိုက်ပွဲတွေလည်း ရှိနေလို့ ဒေသခံတွေကို သတိပေးထားရတယ်” ဟု ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ဇွန်လ ၂၄ရက်ကတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရပြီး တဦးသေဆုံးခဲ့သည်ဟု ဝံပုလွေပြောက်ကျားတပ်ဖွဲ့တာဝန်ခံဗိုလ်မီးပွားကပြောသည်။

တိုက်ခိုက်မှုကို ဝံပုလွေပြောက်ကျားတပ်ဖွဲ့နှင့် အတူ မြိုင်ပကဖ တပ်ရင်း(၁) ၊ ဘာမထီပခုက္ကူခရိုင်တပ်ရင်း ၆ ၊ တပ်ရင်း ၇ ၊ MUGDF နှင့် ဇော်မိုင် BRAF တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မြိုင်မြို့နယ်တွင် စစ်ကောင်စီမြေပြင်စစ်ကြောင်းများရှိနေပြီး ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများမကြာခဏဖြစ်ပွားနေသည်။ ‌ဇွန်လ ၄ရက်က ပခုက္ကူနှင့် မြိုင်မြို့နယ်အစပ်ရှိ ကံမြင့်ကုန်းရွာကို စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးတဦးအပါအဝင် အရပ်သား လေးဦးသေဆုံးခဲ့ပြီး ၁၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

စာတည်း – အေးချမ်း