ကနေဒီတောင်မှဆုတ်ခွာသွားသည့် စစ်ကောင်စီစစ်ကြောင်း ခိုင်ကမ်းမြို့အထိထွက်ပြေး

ပုံအညွှန်း ။ ​။ ဇွန်လ ၂၁မှ ၂၄ရက်နေ့အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းမှ မီးရှို့ထားသော သိုင်းရွာမြင်ကွင်းအချို့ ။ ဓာတ်ပုံ/ Taingen FB

ပုံအညွှန်း ။ ​။ ဇွန်လ ၂၁မှ ၂၄ရက်နေ့အတွင်း စစ်ကောင်စီတပ်စစ်ကြောင်းမှ မီးရှို့ထားသော သိုင်းရွာမြင်ကွင်းအချို့ ။ ဓာတ်ပုံ/ Taingen FB

ကိုခင်မောင်

(မဇ္စျိမ)။            ။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကနေဒီတောင်တွင် ပြန်လည်တပ်စွဲပြီးနောက် ရက်ပိုင်းအတွင်း ဆုတ်ခွာထွက်ပြေးသွားသည့် စစ်ကောင်စီစစ်ကြောင်းကို ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ရာ ခိုင်ကမ်းမြို့သို့ ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

PDF Zoland သိမ်းပိုက်ထားသော ကနေဒီတောင် တပ်စခန်းကို ဇွန်လ ၁၈ရက်နေ့က ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့သည့် အင်အား ၁၀၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို ချင်းပြည်ကောင်စီ(CC) တပ်ဖွဲ့များကလိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

” စစ်ကောင်စီတပ်သားတွေတောလမ်းအတိုင်း ခိုင်ကမ်းဘက်ကို ဆင်းသွားပြီ။ရွာတော့ အိမ်တွေ အကုန်နီးပါးပဲ မီးရှို့ခံထားရတာ။ ကျနော်တို့နဲ့တိုက်ပွဲအတွင်းမှာ ခန့်မှန်းတာတော့ အနည်းဆုံး၂၀ ဝန်းကျင်တော့ အထိအခိုက်ရှိလိမ့်မယ်” ဟု ချင်းပြည်ကောင်စီ(CC)တွင် ပါဝင်သည့်
ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF/ CDM SIYIN)မှ ပြောရေးဆိုခွင့်ရှိသူက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို  သိုင်းငင်းနှင့် ကနေဒီတောင် ကြားလမ်းတလျှောက်တွင် အကြိမ်ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။သိုင်းငင်းရွာအတွင်း ငါးရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီးဇွန်လ ၂၇ရက်နေ့ နံနက်ပိုင်းတွင်ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း နယ်စပ်ရှိ ခိုင်ကမ်းမြို့ရဲစခန်းသို့  ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

အဆိုပါစစ်ကြောင်းကို ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြသော ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF/ CDM SIYIN) ၊PDF- KKG၊ People Defence Army (PDA-Tedim)၊ ချင်းအမျိုးသားတပ်မတော် (CNA)၊ CDF-Hualngoram၊ CDF-Vakok၊ Kalay SR 4 အဖွဲ့များက ခိုင်ကမ်းမြို့အနီးအထိ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ကနေဒီတောင်နှင့် ခိုင်ကမ်းမြို့သည် ၃၅မိုင်ခန့်ဝေးပြီး စစ်ကောင်စီစစ်ကြောင်းသည် ယခုအခါခိုင်ကမ်းမြို့ရဲစခန်း၌ ရှိနေဆဲဟုသတင်းရရှိသည်။

လက်ရှိသိုင်းငင်းရွာတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိပြီး ကလေး-တီးတိန်-ဖလမ်းလမ်းပိုင်း အသုံးပြုနိုင်သည့်အချိန်ကို ထုတ်ပြန်အသိပေးမည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF/ CDM SIYIN)က ယနေ့ (ဇွန်လ၂၇ရက်)သတင်းထုတ်ပြန်သည်။

စာတည်း – အေးချမ်း