အာရှကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဂျပန်နဲ့ သြစတြေးလျတို့ အုပ်စုကျပ်အတွင်း ကျရောက်

By PKThawn

အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ အင်အားကြီးအသင်းတွေဖြစ်ကြတဲ့ ဂျပန်၊ သြစတြေးလျနဲ့ ဆော်ဒီအာရေးဗီးယားတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ “မရဏအုပ်စု”အတွင်းအတူ ကျရောက်ခဲ့ပြီး ယင်းအုပ်စုထဲမှာ တရုတ်၊ ဘာရိန်း၊ အင်ဒိုနီးရှားတို့လည်း ပါဝင်ခဲ့ပါတယ်။

တတိယအဆင့်ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲအခမ်းအနားကို ကွာလာလမ်ပူမှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တာပါ။ ကမ္ဘာ့ဖလား တိုက်ရိုက်ဝင်ခွင့် ရှစ်နေရာအတွက် တိုက်ပွဲဝင်ဖို့ ကျန်ရှိနေတဲ့ အာရှအသင်း ၁၈ သင်းကို သုံးသင်းပါ မဲအိုးခြောက်အိုးကို ခြောက်သင်းပါဝင်တဲ့ အုပ်စုသုံးစုအဖြစ် မဲခွဲခဲ့တာပါ။

ဆွန်ဟောင်မင်ရဲ့ တောင်ကိုရီးယားအသင်းက အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ပါလက်စတိုင်း၊ ကူဝိတ်တို့နဲ့ ကျရောက်ခဲ့တာကြောင့် အုပ်စုချောင်တဲ့အနေအထားမှာရှိခဲ့ပါတယ်။

အီရန်က အာရှဖလားချန်ပီယံ ကာတာ၊ ဥဇဘက်ကစ္စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာဂျစ္စတန်၊ မြောက်ကိုရီးယားတို့နဲ့ ကစားရမယ့် အုပ်စု A ကို ဦးဆောင်နေပါတယ်။

အိမ်ကွင်းအဝေးကွင်းပွဲစဉ်တွေကို ၂၀၂၄ စက်တင်ဘာလမှ ၂၀၂၅ ဇွန်လအထိ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အုပ်စုသုံးစုမှ ထိပ်ဆုံးနှစ်သင်းစီက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တိုက်ရိုက်ခြေစစ်ပွဲအောင်မှာဖြစ်ပါတယ်။

အုပ်စုအတွင်း တတိယနဲ့ စတုတ္ထနေရာတွေမှာ ရပ်တည်နိုင်တဲ့ အသင်းတွေက စတုတ္ထအဆင့်ခြေစစ်ပွဲကို တက်ရောက်မှာဖြစ်ပါတယ်။ ဒီအဆင့်ကို အုပ်စုနှစ်စုခွဲကာ အုပ်စုမှ ပထမရ နှစ်သင်းက တိုက်ရိုက်ခြေစစ်ပွဲအောင်သွားမှာပါ။

စတုတ္ထအဆင့်ခြေစစ်ပွဲ အုပ်စုမှ ဒုတိယနေရာရ နှစ်သင်းက ပဉ္စမအဆင့်ခြေစစ်ပွဲအဖြစ် ၂၀၂၅ နိုဝင်ဘာလမှာ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အနိုင်ရတဲ့အသင်းက ကမ္ဘာ့ဖလားဝင်ခွင့်တနေရာအတွက် FIFA intercontinental play-off ကို ဆက်ကစားရမှာပါ။

၄၈ သင်းအထိ တိုးချဲ့လိုက်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ၂၀၂၆ ဇွန်လ ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားအတွက် တတိယအဆင့်ခြေစစ်ပွဲ (အာရှဇုန်) အုပ်စုမဲခွဲမှု။
အုပ်စု A – အီရန်၊ ကာတာ၊ ဥဇဘက်ကစ္စတန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာဂျစ္စတန်၊ မြောက်ကိုရီးယား
အုပ်စု B – တောင်ကိုရီးယား၊ အီရတ်၊ ဂျော်ဒန်၊ အိုမန်၊ ပါလက်စတိုင်း၊ ကူဝိတ်
အုပ်စု C – ဂျပန်၊ သြစတြေးလျ၊ ဆော်ဒီအာရေဗျ၊ ဘာရိန်း၊ တရုတ်၊ အင်ဒိုနီးရှား

(AFP) Photos: AFC