လားရှိုးမြို့အနီး တိုက်ပွဲဖြစ်

ပုံအညွှန်း- လားရှိုး-မန်ပွဲတံတား ဖျက်ဆီးခံထားရသဖြင့် ဒေသခံများ သွားလာရန် အခက်ကြုံရစဉ်

ဂျူချန်း (မဇ္ဈိမ) ။ ။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိရာ လားရှိုးမြို့အနီးတွင် ယနေ့( ဇွန် ၂၉ ရက်)နေ့လယ်ပိုင်း၌ တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

“မြို့နဲ့ ၁၂ မိုင် ၁၆ မိုင်လောက်အကွာမှာ ဖြစ်နေကြတာ။ တပ်(စကစတပ်) ဘက်ကနေ လက်နက်ကြီးနဲ့လှမ်းပစ်တယ်။ ဘယ်အဖွဲ့နဲ့ဖြစ်တာလဲဆိုတာတော့ ကျနော်တို့လည်း မပြောတတ်ဘူး။ မြို့ထဲမှာ တချို့ဆိုင်တွေတော့ ပိတ်နေကြပြီ” ဟု လားရှိုးမြို့ခံတဦးက မဇ္ဈိမကို ယနေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

လားရှိုးမြို့အနီးတွင် ယနေ့တိုက်ပွဲဖြစ်ပွားနေသည်မှာ စစ်ကောင်စီတပ်နှင့် MNDAA တပ်ဖွဲ့တို့ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ရန် MNDAA ပြန်ကြားရေးတာဝန်ခံ လီကျားဝင်းကို ဆက်သွယ်ထားဆဲဖြစ်သည်။

လားရှိုးမြို့အနီးတွင် ပြီးခဲ့သည့် ရက်သတ္တပတ်၌ ကိုးကန့်တပ် MNDAA တပ်မှ အင်အားဖြည့်တင်းမှုများလုပ်ဆောင်ခဲ့ခြင်းများရှိကြောင်း ဒေသခံများထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇွန် ၂၅ ရက်နေ့မှစတင်ကာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ကျောက်မဲ၊ နောင်ချို စသည့်မြို့များတွင် TNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေခဲ့သော်လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တည်ရှိရာ လားရှိုးမြို့အနီးတွင် ယနေ့မှ တိုက်ပွဲသံများ ကြားရခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“ဒီနေ့မှဖြစ်တာပါ။ ခုနက ပစ်သံကြားရတယ်။ ခြောက်လုံးလောက်ရှိမယ် စစ်တပ်ဘက်က” ဟု အခြားဒေသခံက ပြောသည်။

လားရှိုးမြို့တွင် လျှပ်စစ်မီး ပြတ်တောက်နေသည်မှာ ငါးရက်ခန့်ရှိနေပြီဖြစ်ပြီး ရေနှင့်မီး အခက်အခဲအပြင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ဆက်သွယ်ရေး အခက်အခဲကိုလည်း ရင်ဆိုင်နေရကြောင်းလည်း ဒေသခံထံမှ သိရသည်။

“တိုက်ပွဲက ဒီနေ့မှစတာ။ မီးဖြတ်ခံထားရတာ ငါးရက်ရှိပြီဆိုတော့ ဘာမှမသိနေဘူး။ တံတားတွေဖျက်ခံထားရတယ်လည်း ကြားပေမယ့် ဖုန်းမသုံးရတော့ ဘာမှသေချာမသိရဘူးဖြစ်နေတယ်” ဟု လားရှိုးမြို့ခံက ပြောသည်။

လားရှိုးမြို့ကို ဆက်သွယ်ထားသည့် တံတား နှစ်စင်းဖြစ်သည့် လားရှိုး-မန်ပွဲ နှင့် မန်ပွဲ-မန်ဆန်ရေကျ ကြိုးတံတား အပါအဝင် လားရှိုးမြို့နယ်အတွင်း တံတား ငါးစင်းကို စစ်ကောင်စီတပ်မှ ဖျက်ဆီးထားခဲ့ကြောင်း TNLA က ယနေ့ (ဇွန် ၂၉ ရက်)တွင် ထုတ်ပြန်ထားသည်။

ယင်းတံတားများ ဖျက်ဆီးခံထားရသဖြင့် ပြည်သူများအနေဖြင့် သွားရေးလာရေး ခက်ခဲနေကြောင်း TNLA က ဆိုထားသည်။

ယင်းအပြင် လားရှိုး-မိုင်းယော် လမ်းမကြီးပေါ်မှ လားရှိုးမြို့ကို ဖြတ်သန်းသွားလာနိုင်သည့် နေရာသုံးခုကို မြေတူးစက်ဖြင့် မြောင်းဖောက်ကာ ဖျက်ဆီးထားကြောင်း TNLA မှ ထုတ်ပြန်ထားသည်။

လျှပ်စစ်မီး ငါးရက်ကြာ ဖြတ်တောက်ခံထားရသည့် လားရှိုးမြို့တွင် လက်ရှိ၌ စက်သုံးဆီများ ဝယ်ယူ၍ ရနေသေးသဖြင့် စက်သုံးဆီဖြင့် ဖုန်းအားသွင်းခြင်း၊ ရေတင်ခြင်းကိစ္စများကို ဆောက်ရွက်နေရကြောင်း သိရသည်။

စစ်ကောင်စီသည် လားရှိုးမြို့ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တည်ရှိ၍ ကာကွယ်ရန် အင်အားဖြည့်တင်းထားပြီး ဇွန်လလယ်မှစတင်ကာ မြို့အဝင်အထွက်ကိုလည်း ပိတ်ထားကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)