2023 Year in Review ၂၀၂၃ နှစ်ကုန်ခါနီး မြန်မာပြည်: မြင်ကွင်းကျယ်၊ ဦးစားပေးရမည့် အရာများ၊ စိန်ခေါ်မှုများနှင့် ရှေ့ဆက်ရမည့် ခရီး (အပိုင်း ၃)

အီဂေါဗလာဇီဗစ်

မဇ္ဈိမ။ ။ နားလည်မှုလွဲစေတဲ့ ဇာတ်ကြောင်းတွေ ပေါ်ထွက်လာနိုင်ပုံ တကယ်လို့ ဒီလို အရပ်သားအဆုံးအရှုံး အလွန်ကြီးမားအောင် စစ်တပ်က ဆောင်ရွက်လာခဲ့မယ်ဆိုရင် သံအမတ်တွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာ့အိမ်နီးချင်းတွေကြားမှာ တွင်ကျယ်နေတဲ့ အဆိုဖြစ်တဲ့ “စစ်တပ်ကို အနိုင်ရရန်မှာ မဖြစ်နိုင်၊ စစ်တပ်ကို တိုက်ခိုက်သည့် မည်သည့်လုပ်ရပ်မဆို အရပ်သား နစ်နာဆုံးရှုံးရမှု များစွာကြီးမားလိမ့်မှာ ဖြစ်ကြောင်း” လေသံတွေ ပြန်ပြီး ကျယ်လာ နိုင်ပါသေးတယ်။

အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ စစ်တပ်နဲ့ တော်လှန်ရေး သမားတွေကြား သူတို့ ကြားဝင်ညှိနှိုင်းပေးဖို့ လိုအပ်နေတယ်ဆိုတဲ့ ယုံကြည်မှုတွေနဲ့ ဒီလမ်းကြောင်းကို ပြန်လည်စတင်လာနိုင်ပါတယ်။

ဒီဇာတ်ကြောင်းမျိုး ပြန်ပေါ်လာရင် စစ်တပ်ဟာ ထွက်ပေါက်ရှာဖို့ ပိုလို့တောင် အခွင့်သာ သွားနိုင်ပါသေးတယ်။ စစ်တပ်ထဲက မင်းအောင်လှိုင်ကို ဖယ်ရှားပစ်ပြီး အတုအယောင်ညှိနှိုင်းမှုတွေ လုပ်လာနိုင်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကလည်း အဲဒီစစ်တပ်ရဲ့ အကြောင်းပြချက်ကို နားယောင်ပြီး ပြည်သူတွေရဲ့ နာကျင်မှုကို အဆုံးသတ်ဖို့ EROs နဲ့ NUGဘက်ကို နားချလာနိုင်ပါတယ်။ ဖွဲ့စည်းပုံအသစ်နဲ့ ပေါ်ပေါက်လာတဲ့ စစ်တပ်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းမယ့် လမ်းကြောင်းကို တော်လှန်ရေးသမားတွေက လက်ခံဖို့ တိုက်တွန်းမှုတွေပြုလုပ်လာပါလိမ့်မယ်။

လောလောဆယ်မှာတော့ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေကို ရှေ့ထက်တိုးမလာအောင် ယာယီ အပစ်ရပ်စဲကြဖို့ ဘယ်နည်းနဲ့မဆို ကြိုးစားမှာဖြစ်ပါတယ်။ စစ်တပ်ဟာ သူကိုယ်တိုင်ဘက်ကတော့ အခွင့်အရေးရတိုင်း ဒေသခံတွေကို ဒုက္ခပေးဖို့၊ ဖျက်ဆီးမှုတွေကို တိုးမြင့် ဆောင်ရွက်နေပါလိမ့်မယ်။

စစ်တပ်ဘက်က အကျိုးရှိမယ့်ဇာတ်ကြောင်းများ

ဒီနေရာမှာ စစ်တပ်အတွက် အကျိုးဖြစ်စေမှာကတော့ ခုဖြစ်နေတဲ့ တော်လှန်ရေးဘက်က အနိုင်ရနေတယ်ဆိုတဲ့ ဇာတ်ကြောင်းကို ဖုံးသွားတဲ့ ဘယ်ဇာတ်ကြောင်းမဆိုဘဲ ဖြစ်ပါတယ်။ တော်လှန်ရေးသမား‌တွေရဲ့ အားသာချက်တွေကို နာကျင်ခံစားမှုတွေ ဖန်တီးပြီး ဖုံးပစ်ချင်ပါတယ်။ ပျက်စီးမှုတွေများလာရင် အရင်သတင်းတွေကို ဖုံးသွားမှာပဲ ဒီလိုဖြစ်ရင် စစ်တပ်အတွက် အကျိုးရှိပါတယ်။ ဒါ့ကြောင့် ဗုံးတွေကြဲတယ်၊ ဖျက်ဆီးတယ်၊ မီးရှို့တယ်၊ ဖြတ်လေးဖြတ်မက ဖြတ်လို့ရတာ အကုန်ဖြတ်တယ်။

စစ်တပ်ဟာ အိမ်နီးချင်းနိုင်ငံတွေကိုလည်း အသုံးချဖို့ ကြိုးစားတယ်။ သူရှုံးနေတယ်ဆိုတဲ့ ဇာတ်ကြောင်းကို ဖုံးဖို့အတွက် ညှိနှိုင်းကြရေး၊ ငြိမ်းချမ်းစွာဖြေရှင်းရေး၊ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများဆောင်ရွက်ရန် အပစ်ရပ်ရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ အစရှိသည်ဖြင့် ဘယ်အကြောင်းအရာနဲ့ မဆို အစားထိုးပြီး သူတို့ရှုံးနေတဲ့ ဇာတ်ကြောင်းကို ဖုံးပစ်ချင်နေကြတယ်။ ဇာတ်ကြောင်းအသစ်ကို မရမက ဖော်ချင်တယ်။ ဒါ့ကြောင့် ခုအခြေအနေမှာ မြန်မာပြည်ရဲ့ အိမ်နီးချင်းတွေနဲ့ ပြည်ပနိုင်ငံတွေဟာ ဘယ်လိုရပ်တည်ကြမှာလဲ၊ သူတို့ကို ဘာလုပ်စေချင်သလဲဆိုတဲ့ မေးခွန်းတွေဆီကို‌ရောက်လာတယ်။

အိမ်နီးချင်းများရဲ့ အန္တရာယ်

အခုချိန်ထိ ရန်ကုန်နဲ့ ဘန်ကောက်မှာရှိတဲ့ သံတမန်တွေ၊ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ‌ဒေသတွင်းနိုင်ငံတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလူတွေအတွက်တော့ မြန်မာပြည်ထဲမှာ ဘာတွေပဲ ဖြစ်နေဖြစ်နေ သူတို့ထင်တာက စစ်တပ်ဟာ ခိုင်မာလွန်းလို့ ကျရှုံးဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အတွေးရှိနေကြတုန်းပဲ။

အဲဒီဘက်ကိုပဲ ပိုပြီးရောက်လာအောင်လည်းမျှော်လင့် ထားကြတယ်။ စစ်အုပ်စုဟာ ဘယ်လိုမဆို အင်အားသုံး ရက်စက်တာတွေနဲ့ မာယာပရိယာယ်တွေပေါင်းပြီး တိုင်းပြည်ကို ပြန်ပြီး ထိန်းချုပ်သွား နိုင်ဦးမှာပဲလို့ မျှော်လင့်ထားကြတယ်။ ဒါ့ကြောင့် သံတမန်တွေနဲ့နိုင်ငံခြားရေး မူဝါဒသမားတွေဟာ ဒီအယူအဆနဲ့ပဲ လှုပ်ရှားနေကြပြီး စစ်တပ်ကို မဖြစ်မနေဆက်ဆံရမှပဲလို့ ထင်နေကြတယ်။

မြန်မာနိုင်ငံမှာ ဘာပဲဖြစ်နေဖြစ်နေ စစ်တပ်က အားကောင်းလွန်းတာကြောင့် မရှုံးနိုင်လောက်ဘူး၊ နောက်ဆုံးမှာ စစ်အုပ်စုဟာ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တနည်းမဟုတ်တနည်း ရက်စက် ကြမ်းကြုတ်မှုတွေနဲ့ မာယာပရိယာယ်တွေ ပေါင်းစပ်ပြီး အာဏာနဲ့ တိုင်းပြည်ရဲ့ အစိတ်အပိုင်း ကြီးကြီးမားမားကို ပြန်ချုပ်ကိုင်နိုင်မှာပဲဆိုတဲ့ ယူဆချက်က အခုချိန်ထိ လွှမ်းမိုးနေခဲ့ပါတယ်။ ဒါကြောင့်မို့ စစ်တပ်ဟာ လူသတ်ပြီး ပြည်သူကအင်မတန်မုန်းကြသော်လည်း သူ့ကို တချိန်တော့ ဆက်ဆံရမှာပဲ- စစ်အာဏာရှင်ကပဲ အခရာကျနေတဲ့သူ အဆုံးအဖြတ်ပေးနိုင်တဲ့သူလို့ မြင်နေခဲ့ ကြပါတယ်။

ဒါက အခု ပြောင်းလဲသွားပါပြီ။ ယခုအခါမှာတော့ စစ်အုပ်စုဟာ အကျဘက်ကို ရောက်လာပြီး ပြုတ်ကျနိုင်တယ်ဆိုတဲ့ နားလည်မှုကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံလာကြပါတယ်။ ဒီလို နားလည်မှု ပြောင်းလဲ လာတာက ခံယူချက်ကိုလည်း ပြောင်းလဲစေနိုင်ပါတယ်။ မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေရဲ့ မူဝါဒတွေကို ပြောင်းလဲစေနိုင်ပါတယ်။

ဒါပေမဲ့ ဒီလိုခံယူချက်ပြောင်းလဲလာတာနဲ့ မူဝါဒတွေက တန်းပြီး မပြောင်းလဲလာနိုင်သေးတာကို နားလည်ဖို့ အရေးကြီးပါတယ်။ မူဝါဒအပြောင်းအလဲအတွက် ခံယူချက်ပြောင်းလဲလာဖို့ လိုအပ်ပေမယ့် ခံယူချက် ပြောင်းလဲလာပြီဆိုတာနဲ့တော့ မူဝါဒအပြောင်းအလဲဆီကို အလိုအလျောက် ရောက်သွားတာ တော့ မဟုတ်ပါဘူး။

တရုတ်၊ အိန္ဒိယနဲ့ ထိုင်း တို့ပါဝင်တဲ့ အိမ်နီးချင်း သုံးနိုင်ငံဟာ အိန္ဒြေမရ ဖြစ်လာနေပါပြီ။ သူတို့က စီးပွားရေးနဲ့ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေအတွက် မြန်မာနိုင်ငံမှာ တည်ငြိမ်တာကို လိုချင်ပါတယ်။ ဒါပေမဲ့ သူတို့ အခုမြင်နေရတာက နိုင်ငံဟာ ပိုပြီး ဆိုးရွားတဲ့ ပဋိပက္ခထဲကို ကျရောက်သွားတာပါ။ စီးပွားရေးကျဆင်းမှု‌တွေ၊ မတည်ငြိမ်မှုတွေနဲ့ နိုင်ငံဟာ ပြိုကွဲတော့မယ့် နှုတ်ခမ်းနားဆီကို ရောက်လာတဲ့ အန္တရာယ်ဆီရောက်သွားနိုင်တယ်။

သူတို့ဟာ စစ်တပ်ဘယ်လောက်အထိ အားနည်းလာသလဲ ဘယ်လောက်အထိ အစွမ်းအစ တုံးလာသလဲဆိုတာကို ပိုပိုပြီး မြင်လာရပါတယ်။ ဒါပေမဲ့ အရေးအကြီးဆုံးက သူတို့ဟာ စစ်တပ်မရှိဘဲ တည်ငြိမ်အောင် ဘယ်လိုလုပ်လို့ ရမှာလဲလို့ ထင်နေကြတုန်းပါပဲ။ NUG နဲ့ EROs တွေဟာနိုင်ငံရဲ့ အနာဂတ်အတွက် နိုင်ငံရေးသဘောတူညီမှုတရပ်တောင် ရအောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေကြတုန်းပဲ၊ ယုံချင်နေကြတုန်းပဲ။ NUG နဲ့ EROs တွေဟာ အစိုးရတာဝန်ကို လွှဲယူနိုင်ကြမှာမဟုတ်ဘူး။ တိုင်းပြည် တည်ငြိမ်အောင်လည်း လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ နယ်မြေတွေစုစည်းမိအောင်လည်း တတ်နိုင်မှာမဟုတ်ဘူးလို့ ထင်နေကြတုန်းပဲ။

စစ်တပ်ဟာ တိုင်းပြည်ကို အတူတူစုစည်းပေးထားတဲ့ တခုတည်းသော အင်စတီကျူးရှင်း ဖြစ်တယ်ဆိုတဲ့ စစ်တပ်က နှစ်ပေါင်းများစွာ သုံးခဲ့တဲ့ ဝါဒဖြန့်ချီရေး အယူအဆကို သူတို့က တစိတ်တပိုင်း မြိုချထားသလိုတောင်ဖြစ်နေပါတယ်။ မြန်မာနိုင်ငံမှာဖြစ်လာတာတွေဟာ ယူဂိုစလားဗီးယား၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနဲ့ တောင်ဆူဒန် တို့မှာ ဖြစ်ခဲ့သလိုမျိုး ဖြစ်လာလိမ့်မယ်ဆိုတဲ့ အဆိုးမြင် အယူလည်းရှိပါတယ်။

အကွဲကွဲအပြားပြား နယ်မြေတွေ အုပ်စုတွေ အများကြီးရှိတဲ့ နိုင်ငံတွေမှာ အကြာကြီး စိုးမိုးခဲ့တဲ့ အာဏာရှင်တွေမရှိတော့ချိန်မှာ တိုင်းပြည်ဟာ ပိုပြီးယိုင်နဲ့သွားတတ်တာတဲ့ သမိုင်းအတွေ့ အကြုံတွေက ပြည်ပနိုင်ငံကြီးတွေရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးမူဝါဒအတွက် အဆုံးအဖြတ် ပေးနိုင်သူတွေရဲ့ စိတ်မှာ ရှိနေကြပါတယ်။ အထူးသဖြင့် သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့တာတွေ အပါအဝင် တခြားနေရာတွေမှာ ဖြစ်ခဲ့တဲ့ သမိုင်းအတွေ့အကြုံတွေကလည်း အဲဒီလို အကောက်အယူ တွေကို ဖြစ်စေပါတယ်။ နှိမ်ချပြီး မြင်စေတဲ့ အစွဲတွေ၊ အလွယ်တကူ ဖျောက်ဖျက်ပစ်လို့မရနိုင်တဲ့ ထင်မြင်ယူဆချက်တွေ ကို ဖြစ်စေပါတယ်။

NUG နဲ့ EROs တွေဟာ နိုင်ငံတကာကို ဒီမိုကရေစီကို ရပ်တည်ပေးပါ။ ဒါမှမဟုတ် ဖယ်ဒရယ် စနစ်အတွက် ရပ်တည်ပေးကြပါလို့ နားချစရာလိုမယ် မထင်ပါဘူး။ ဒီမိုကရေစီစနစ်၊ ဖယ်ဒရယ်စနစ်ဆိုတာ စစ်အာဏာရှင်စနစ်ထက်တော့ ကောင်းမှန်းသိကြပါတယ်။ အခုဖြစ်နေတဲ့ သူတလူ ငါတမင်း အပြိုင်အုပ်ချုပ်သူတွေပေါ်လာပြီး တိုင်းပြည် ကသောင်းကနင်းဖြစ်လိမ့်မယ် ဆိုတဲ့ အယူအဆကြောင့် အပြင်က NUG နဲ့ EROs တွေရဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ် လုပ်ငန်းတွေမှာ အောင်မြင်အောင် အကူအညီ မပေးနေတာဖြစ်ပါတယ်။ NUG နဲ့ EROs တွေဟာ မြန်မာစစ်တပ်က ကြောက်စရာ ရွံစရာ ရာဇဝတ်မှုတွေ ကျူးလွန်နေပါတယ်၊ အများပြည်သူရဲ့ နာကျင်ခံစားရမှုဟာ သိပ်ကို ကြီးမားနေပါပြီ ဆိုတာကိုလည်း သူတို့နားထောင်အောင် ဆွဲဆောင်ပြောဆို မလိုပါဘူး။ နိုင်ငံတကာဟာ ဒီလို အကျိုးအကြောင်းတွေနဲ့ ဆွဲဆောင်နေလို့လည်း စစ်တပ်နဲ့ ပတ်သက်လာရင် ကြားဝင် ဖြေရှင်းပေးကြမှာ မဟုတ်ပါဘူး။

NUG နဲ့ EROs တွေမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကလူတွေကို နားချဖို့ တောင်လောက်ကြီး ကြီးတဲ့ တာဝန်ကြီးတွေရှိနေပါတယ်။ မြန်မာကို မပြိုကွဲအောင် ကာကွယ်ဖို့ ဆိုရင် NUG နဲ့ EROs ကသာ လုပ်ပေးနိုင်တယ် ဆိုတာကို နားသွင်းဖို့ပါ။ စကစဟာ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင်လုပ်နေတဲ့ တခုတည်းသော ပင်မ အကြောင်းရင်းဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံတွေအတွက် လုံခြုံရေးအရလည်း အန္တရာယ်ရှိနိုင်ကြောင်း သူတို့ကို ပြောပြဖို့လိုပါတယ်။ အကြမ်းဖက်မှုတွ လျော့သွားအောင် လုပ်ဖို့အတွက် တခုတည်းသော အဟန့်အတားဟာ စကစ ဖြစ်ကြောင်း၊ တရားမဝင် မူးယစ်ဆေးအရောင်းအဝယ်နဲ့ လူကုန်ကူးမှုတွေ၊ ကာကွယ်ဆေးထိုးဖို့ ပျက်ကွက်နေတာတွေ နဲ့ ကူးစက်ရောဂါကုသမှုတွေ မလုပ်နိုင်လို့ နယ်စပ်ဖြတ်ကျော်ပြီး ရောဂါရောက်ရှိနိုင်ခြေတွေ၊ ဆီးရီးယားနဲ့ ဗင်နီဇွဲလားမှာ ဖြစ်ခဲ့သလို လူတွေ တိုင်းပြည်ထဲကနေတအုံတမ ထွက်မှ ရကြမယ့် အဖြစ်မျိုးကို ဖန်တီးနေသူဟာ စစ်တပ်တခုတည်းသာဖြစ်ကြောင်း ပြတ်ပြတ်သားသား နားချဖို့လိုပါတယ်။

အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကလူတွေကို နားချရာမှာ မင်းအောင်လှိုင်နဲ့ စကစ တို့ရဲ့ အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ရူးမိုက်တဲ့ ကြိုးပမ်းမှုတွေကသာ မြန်မာနိုင်ငံကို လက်ရှိအနေအထားကနေ လက်နက်ကိုင်တပ်အမျိုးမျိုးက အုပ်ချုပ်မယ့် နယ်မြေငါးခု သို့မဟုတ် ခုနစ်ခုလောက်အထိ ကွဲသွားနိုင်တဲ့ အနေအထားကို ရောက်ရှိသွားစေနိုင်ကြောင်း ရှင်းပြကြရပါမယ်။ တချိန်တည်းမှာပဲ NUG နဲ့ EROs တွေကြားထဲမှာ ခိုင်မာတဲ့ နိုင်ငံရေးသဘောတူညီမှုတွေ ရှိထားပြီးဖြစ်ကြောင်း၊ အကူးအပြောင်း ကာလ မှာဆောင်ရွက်ကြမယ့် ရေးဆွဲပြီး လမ်းပြမြေပုံကို ရှိပြီး ဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာကလူတွေကို သဘောပေါက်စေရပါမယ်။ စကစကို ဖယ်ရှားလိုက်ခြင်းနဲ့ NUG နဲ့ EROs တွေရဲ့ ကြားကာလအစိုးရ ကသာလျှင် တိုင်းပြည်တဝန်းက လက်နက်ကိုင်အကြမ်းဖက်မှုတွေကို လျင်မြန်စွာ အရှိန်လျှော့နိုင်မှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ပြန်လည် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှုကို ကုစားနိုင်မှာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း တွေကို လက်ခံဆောင်ရွက်နိုင်ပြီး IDPs တွေနဲ့ ဒုက္ခသည်တွေ ပြန်လာနိုင်ရေးကိစ္စတွေကို စီမံနိုင်မှာဖြစ်ကြောင်း၊ တိုင်းပြည်တည်ငြိမ်ရေးကို ပြန်လည်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ရှင်းလင်း ပြဖို့လိုနေပါတယ်။

ဒီလိုဆောင်ရွက်ဖို့အတွက် တိုင်းရင်းသား- ဒီမိုကရေစီအင်အားစုတွေရဲ့ မဟာမိတ်စုဖွဲ့မှုကနေ ပြသစရာ နိုင်ငံရေးသဘောတူညီချက်တခုရှိနေဖို့လိုပါတယ်။ အကူးအပြောင်းမှာ ကြားကာလအစိုးရက ဆောင်ရွက်မယ့် အနာဂတ်အစီအစဉ်တွေဟာ ဘယ်လိုဘယ်ပုံရှိတယ် ဆိုတာကို အသင့် ရေးဆွဲထားဖို့လိုပါတယ်။ စစ်အစိုးရပြိုလဲသွားပြီးရင် ပထမဆုံးလတွေမှာ ဘာတွေ ဆောင်ရွက်ကြမလဲ၊ ပထမဆုံးနှစ်မှာ ဘာတွေ ဆောင်ရွက်ကြမလဲဆိုတာတွေ ရှိကြရပါ့မယ်။ NUG- NUCC အနေနဲ့ ကျွန်တော်တို့မှာ လမ်းပြမြေပုံရှိပါတယ်လို့ ပြောရုံနဲ့တော့ လုံလောက်မှာ မဟုတ်ပါဘူး။ ဒီကိစ္စက တော်လှန်ရေးဘက်က တရားဝင်လာအောင် လုပ်လို့ရတဲ့ အချက်သုံးခုဆီကို ရောက်သွားစေပါတယ်။

စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

အပိုင်း(၁) – https://bur.mizzima.com/2023/12/26/10429

အပိုင်း (၂) – https://bur.mizzima.com/2023/12/27/10442

အပိုင်း (၃) – https://bur.mizzima.com/2023/12/28/10562

အပိုင်း (၄) − https://bur.mizzima.com/2023/12/29/10685

အပိုင်း (၅) − https://bur.mizzima.com/2023/12/30/10798