သရက်ချောင်းမြို့တွင် ခရီးသွားသံဃာတော် မိုင်းထိ၊ ဒဏ်ရာအပြင်းအထန်ရ

ပုံညွှန်း – သရက်နှစ်ခွရွာ ဆိုင်ဘုတ်နဲ့ မိုင်းနင်းတဲ့ သံဃာတော်အားတွေ့ရစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊သရက်ချောင်းမြို့တွင်ယမန်နေ့ ဇန်နဝါရီ ၂၂ ရက်နေ့ကခရီးသည်တင်ကားတစီး ခေတ္တရပ်နားစဉ် လမ်းဘေး၌ အပေါ့ဆင်းစွန့်သည့် သံဃာတော်တပါး မိုင်းနင်းမိပြီးပေါက်ကွဲမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။

ထိုဖြစ်စဉ်သည် သရက်ချောင်းမြို့၊ သရက်နှစ်ခွကျေးရွာအနီးတွင် ဇန်နဝါရီ ၂၂ ရက်နေ့လယ်က ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

“ဘုန်းကြီးက ဧည့်သည်ဘုန်းကြီးပါ။ သရက်ချောင်းက ဘုန်းကြီးကျောင်းတကျောင်းကို အလည်လာပြီး အပြန်မှာ မိုင်းထိတာပါ” ဟု သရက်ချောင်းမြို့နေ ဒေသခံတဦးကပြောသည်။

အဆိုပါ သံဃာတော်သည် ကိုယ်ခန္ဓာအောက်ပိုင်း ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး ထားဝယ်ဆေးရုံ၌ ကုသနေရကြောင်း သတင်းရရှိသည်။

မိုင်းနင်းမိသည့်နေရာသည် တိုက်ပွဲဖြစ်ပွားလေ့ရှိသည့်နေရာမဟုတ်ကြောင်း ဒေသခံများက ပြောသည်။ မိုင်းထိသည့် သံဃာတော်နှင့် ပတ်သက်သော သတင်းအချက်အလက်အသေးစိတ်ကို မသိရှိရသေးပေ။

တနင်္သာရီတိုင်းအတွင်း အရပ်သားမိုင်းနင်းမိသည့် ဖြစ်စဉ်များတွင် စစ်အုပ်ချုပ်ရေးဒေသဖြစ်သော တနင်္သာရီနှင့် ပုလောမြို့နယ်တွင် အများဆုံးဖြစ်ပွားပြီး စစ်ကောင်စီထောင်ထားသည့် မိုင်းများဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။တတိုင်းလုံးအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သား မိုင်းနင်းမိသည့်ဖြစ်စဥ် ၁၃ ကြိမ် ထက် မနည်းဖြစ်ပွားခဲ့ပြီး ကိုးကြိမ်သည်ပုလောမြို့နယ်တွင် ဖြစ်ပွားခဲ့သည်။ မိုင်းကြောင့် အရပ်သား ၁၅ ဦး ထက်မနည်းဒဏ်ရာရခဲ့ပြီး သုံးဦးသေဆုံးခဲ့ကြောင်း စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။

စာတည်း – အေးချမ်း