ခေါင်းဆောင်မှု ပျက်သုဉ်းခြင်း- တရုတ်၏ စီးပွားရေး စိန်ခေါ်မှုများကြား သမ္မတ ရှီကျင့်ဖျင်၏ ညံ့ဖျင်းမှုများကို ဆန်းစစ်ကြည့်ခြင်း

တရုတ်နိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေသည် ၁၉၃၀ ပြည့်နှစ်များတွင် ဖြစ်ပေါ်ခဲ့သည့် စီးပွားပျက်ကပ်ကြီး အတွင်း အမေရိကန် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို ထင်ဟပ်စေပြီး တရုတ်၏ အနာဂတ် အလားအလာနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာစေသည်။ ၎င်းတို့မှာ အတိအကျ တူညီမှု မရှိသော်လည်း အခြေအနေ နှစ်ရပ်စလုံးသည် စီးပွားရေး ဖွဲ့စည်းတည်ဆောက်ပုံနှင့် အလားအလာအပေါ် ယုံကြည်မှု ပျက်ပြားစေသည် ဆိုသည့်အချက်တွင် တူညီနေသည်။ စီးပွားပျက်ကပ်ကြီးနှင့်မတူဘဲ တရုတ်သည် စတော့ခ်ရှယ်ယာဈေးကွက် ပျက်စီးမှုနှင့် မကြုံရသေးသည့် အချက်ကို အလေးပေးဖော်ပြရန် အရေးကြီးသည်။ သို့သော် စီးပွားရေးစနစ်အပေါ် ယုံကြည်မှုပျောက်ဆုံးခြင်းသည် ကြီးမားသော အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည့် အချက်မှာ တူညီနေသည်။ တရုတ်ကြုံတွေ့နေရသည့် စီးပွားရေးစိန်ခေါ်မှုများ၏ အရင်းခံ အကြောင်းတရားမှာ လက်ရှိခေါင်းဆောင် သမ္မတ ရှီကျင့်ဖျင်၏ မူဝါဒများဖြစ်ပြီး ၎င်း၏ ဆုံးဖြတ်ချက်များသည် တရုတ်၏ စီးပွားရေး ပြဿနာများကို အဓိက ဖြစ်ပေါ်လာစေသည်။ 

ထို့ပြင် တရုတ်ရှယ်ယာဈေးကွက်သည် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစ၍ သိသိသာသာ ကျဆင်းလာခဲ့ပြီး လွန်ခဲ့သည့် နှစ်များအတွင်း ဒေါ်လာထရီလီယံနှင့်ချီသည်အထိ ဆုံးရှုံးမှု ကြီးမားခဲ့သည်။ အိမ်ခြံမြေကဏ္ဍ ကျဆင်းမှု၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပွားသည့် အခြားစိန်ခေါ်မှုများကြောင့် ဝယ်ယူစားသုံးသူများကြား ချင့်ချိန်ဆောင်ရွက်တတ်သည့် သဘောထားများ မြင့်တက်လာပြီး အသုံးစရိတ်များကို လျော့ကျသွားစေသည်။ 

အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်းမျိုးမျိုး၏ ဈေးနှုန်းများ ကျဆင်းခြင်းသည် ရင်းနှီးမြှုပ်နှံမှုကို နှောင့်နှေးစေပြီး အလုပ်အကိုင်ဖန်တီးမှုကို အဟန့်အတား ဖြစ်စေကာ ခိုင်မာသော စီးပွားရေးပြန်လည်ဦးမော့လာမှုကို အနှောင့်အယှက် ဖြစ်စေနိုင်သောကြောင့် ငွေကြေးဖောင်းပွမှု သံသရာအဖြစ်သို့ ပြောင်းလဲသွားနိုင်ခြေရှိကြောင်း စီးပွားရေးပညာရှင်အချို့က ပြောဆိုထားသည်။ 

တရုတ်စီးပွားရေး အကျပ်အတည်း၏ ထင်ရှားသော လက္ခဏာတရပ်မှာ ဘဏ်ချေးငွေများ သိသိသာသာ ကျဆင်းလာခြင်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းနှင့် စားသုံးသူ အသုံးစရိတ် အစီအမံများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော အညွှန်းကိန်းတခုအဖြစ် အစဉ်အလာအားဖြင့် ရှုမြင်ကြသည့် ဘဏ်ချေးငွေအတွက် ဒီဇင်ဘာလအတွင်း တရုတ်၏ ချေးယူလိုသည့် ပမာဏသည်  ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၆ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းခဲ့ပြီး အများ မျှော်မှန်းထားသည်ထက် ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း တရုတ်ပြည်သူ့ဘဏ်(PBOC)က ထုတ်ပြန်ထားသည်။ အခြေခံအဆောက်အအုံနှင့် ငွေကြေးဈေးကွက်အတွင်း ငွေဖြစ်လွယ်မှုကို မြှင့်တင်ရန် တရုတ်ပြည်သူ့ဘဏ်(PBOC)၏ ကြိုးပမ်းမှုများတွင် တရုတ်အစိုးရက ငွေကြေးအလုံးအရင်း သုံးစွဲနေသည့်ကြားမှ ဤသို့ ကျဆင်းမှုများ သိသိသာသာ ဖြစ်ပွားနေခြင်း ဖြစ်သည်။ တရုတ်ပြည်သူ့ဘဏ်(PBOC)က ငွေကြေးထောက်ပံ့မှု ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်း ၉ ဒသမ ၇ ရာခိုင်နှုန်းခန့်အထိ သိသိသာသာ တိုးလာခဲ့သည်။ 

ဤစီပွားရေး ကျဆင်းမှုနှင့်ပတ်သက်၍ ဦးနှောက်ခြောက်စရာအချက်မှာ ယင်းကဲ့သို့ ငွေကြေးထည့်ဝင်မှုများနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ရှိနေသော်လည်း တရုတ်နိုင်ငံသား တဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများသည် ရှိပြီးသား အရင်းအမြစ်များကို အရင်းအနှီးအဖြစ် အသုံးချရန် ချီတုံချတုံဖြစ်နေခြင်း ဖြစ်သည်။ ယင်းသို့ ချီတုံချတုံဖြစ်နေမှုသည် အနာဂတ်နှင့်ပတ်သက်၍ အဆိုးမြင်စိတ်နှင့် စိတ်ချလက်ချ အကြွေးထပ်ယူရလောက်အောင် တိုးတက်ကောင်းမွန်လာမည်ဆိုသည့် ယုံကြည်မှု ပျောက်ဆုံးနေမှုတို့အပေါ် အရင်းခံသည်။ တရုတ်၏ စားသုံးသူ ယုံကြည်မှု အညွှန်းကိန်းသည် မတ်လတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ရာမှ ၁၀ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပြီး ကပ်ရောဂါနှင့် အစိုးရ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအရ အသွားအလာကန့်သတ်မှုများကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ထည့်သွင်းစဉ်းစားသည့်တိုင် ယခုအခါ သမိုင်းတလျှောက် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း တရုတ်နိုင်ငံလုံးဆိုင်ရာ စာရင်းအင်းဗျူရိုက ပြောကြားထားသည်။ စီးပွားရေးလုပ်ကိုင်မှုဆိုင်ရာ ယုံကြည်မှုမှာ ၂၀၂၃ နှစ်ကုန်ပိုင်းမှစတင်၍ အနည်းငယ် မြင့်တက်လာသော်လည်း ဒေတာအချက်အလက်စုဆောင်းမှုများ စတင်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများအထိ ပြန်ကြည့်လျှင် သမိုင်းစံနှုန်းများအရ စိတ်ပျက်ဖွယ် နိမ့်ကျနေဆဲဖြစ်သည်။ 

တရုတ်နိုင်ငံ စီးပွားရေးကျဆင်းရခြင်း၏ မူလဇစ်မြစ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆန်းစစ်ကြည့်လျှင် သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်း၏ မူဝါဒများကို အဓိက အပြစ်တင်ရမည် ဖြစ်သည်။ စီးပွားရေး ပြဿနာများကို ပိုမိုဆိုးရွားစေသည့် အဓိက အချက် လေးချက်ရှိသည်။ ပထမဆုံးအမှားမှာ လူနေအိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလရှည် ပံ့ပိုးကူညီနေမှုကို ရုတ်တရက် ရုပ်သိမ်းမည့် ရှီကျင့်ဖျင်၏ ၂၀၁၉-၂၀ ခုနှစ်က ဆုံးဖြတ်ချက်ဖြစ်သည်။ ဤအပြောင်းအလဲသည် တချိန်က တရုတ်စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့သည့် ကဏ္ဍတခု ပြိုလဲသွားခဲ့ပြီး  အိမ်ခြံမြေတန်ဖိုးများ ကျဆင်းသွားကာ အိမ်ခြံမြေကြွယ်ဝမှုတန်ဖိုးအပေါ် ဆိုးရွားစွာ ထိခိုက်စေခဲ့သည်။ ရှီ၏ ဒုတိယ အမှားမှာ အကျပ်အတည်းကို အကောင်းဆုံး တုံ့ပြန်သွားမည်ဟု ၎င်းက ပြောကြားထားသော်လည်း ထိထိရောက်ရောက် မဆောင်ရွက်နိုင်ခြင်းကြောင့် စီးပွားရေးပြဿနာများ ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ တရုတ်အစိုးရသည် အခြေအနေအား အာဏာပိုင်များက ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ကြောင်း ငြင်းဆိုထားသည့် ရပ်တည်ချက်ကို ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သည့် ကနဦး စီးပွားရေးကျဆင်းမှုများမှသည် လွန်ခဲ့သည့် လအနည်းအငယ်အထိ ကိုင်စွဲထားပုံရသည်။ ငွေကြေးဈေးကွက်အတွက် မဖြစ်မနေလိုအပ်သည့် ပံ့ပိုးကူညီမှုများ ပေးရမည့်အစား အရေးယူဆောင်ရွက်မှု မရှိခြင်းသည် အိမ်ခြံမြေကဏ္ဍမှ အစပြုသည့် ပြဿနာများနှင့် အိမ်ခြံမြေကြွယ်ဝမှုတန်ဖိုးကို ပျက်စီးစေခြင်းမှသည် တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးစနစ်တခုလုံးသို့ ပျံနှံ့သွားစေခဲ့ကာ စီးပွားရေးကို ပိုမိုထိခိုက်စေပြီး ယုံကြည်မှု ပျက်သွားစေခဲ့သည်။ 

၁၉၃၀ ပြည့်နှစ်များတွင် ဖြစ်ပေါ်ခဲ့သည့် စီးပွားပျက်ကပ်ကြီး၏ အရင်းခံအကြောင်းတရားနှင့် နှိုင်းယှဉ်ကြည့်လျှင် တရုတ်တွင် အလားတူ ကံကြမ္မာမျိုး ဖြစ်ပေါ်လာနိုင်ခြေနှင့်ပတ်သက်သည့် ထင်ကြေးပေးမှုများကို ဖြစ်ပေါ်လာစေသည်။ သမိုင်းတပတ် ပြန်လည်လာပါက ယင်းအခြေအနေများသည် တရုတ်၏ စီးပွားရေး အလားအလာကို အချိန်ကာလ အတန်ကြာအောင် အဟန့်အတား ဖြစ်စေနိုင်သည်။ အထူးသဖြင့် သမ္မတ ရှီကျင့်ဖျင်နှင့် ၎င်း၏ အပေါင်းအပါများသည် မူဝါဒအပြောင်းအလဲများ ချက်ချင်းဆောင်ရွက်ရန် လိုအပ်နေသည့်အချက်ကို အသိအမှတ်မပြုလျင် ဖြစ်သည်။ ကာလဒေသကိုလိုက်၍ ဆောင်ရွက်ရမည့် အချက်မှာ တရုတ်နိုင်ငံသား တဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများကြားတွင် ယုံကြည်မှု ရရှိစေမည့် မူဝါဒများကို ပြန်လည်ချိန်ညှိချမှတ်ကာ ရေရှည်တည်တံ့သော စီးပွားရေးပြန်လည်ထူထောင်မှုကို လမ်းခင်းပေးခြင်းဖြစ်သည်။ 

သမ္မတ ရှီကျင့်ဖျင်က အကြွင်းမဲ့ အာဏာချုပ်ကိုင်ထားခြင်း၊ သက်တမ်းကန့်သတ်ချက်များကို ပယ်ဖျက်ခြင်းနှင့် အတိုက်အခံများကို နှိပ်ကွပ်ခြင်းသည် ဆုံးဖြတ်ချက် ချမှတ်ရာတွင် မတူကွဲပြားသော အမြင်သဘောထားများကို တင်ပြနိုင်ခြင်းမရှိသည့် အခြေအနေကို ဖြစ်ပေါ်စေခဲ့သည်ဟု ဝေဖန်ရေးသမားများက ဝေဖန်ကြသည်။ ဗဟိုချုပ်ကိုင်မှုလွန်ကဲသည့်ပုံစံသည် စီးပွားရေးစိန်ခေါ်မှုများကို ထိထိရောက်ရောက် တုံ့ပြန်ရာတွင် တက်တက်ကြွကြွ ဆောင်ရွက်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေသည်။ ထို့ပြင် ရှီကျင့်ဖျင်၏ ရည်မှန်းချက်ကြီးသော ပထဝီနိုင်ငံရေး အစီအစဉ်နှင့် သဘောထားတင်းမာသည့် နိုင်ငံခြားရေး မူဝါဒများသည် နိုင်ငံတကာဆက်ဆံရေးကို ထိခိုက်စေကာ ကုန်သွယ်မှုဆိုင်ရာ တင်းမာမှုများနှင့် ပိတ်ဆို့အရေးယူမှုများကဲ့သို့သော စီးပွားရေး ဂယက်ရိုက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ရှီ၏ ခေါင်းဆောင်မှုအောက်ရှိ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု ကင်းမဲ့ခြင်းသည် ရင်းနှီးမြှုပ်နှံသူများနှင့် နိုင်ငံသားများ၏ စိုးရိမ်မှုများကို ပိုမိုဆိုးရွားစေခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေး ပြဿနာများသည် မူဝါဒအမှားများကို ထင်ဟပ်စေရုံသာမက သမ္မတရှီကျင့်ဖျင် လက်ထက် ခေါင်းဆောင်မှုပုံစံနှင့် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များအပေါ် မေးခွန်းထုတ်စရာများ ရှိလာသည်။