မိုးကုတ်တိုက်ပွဲ ၃ရက်ဆက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်

ရုပ်သံအညွှန်း − ကျပ်ပြင်ရဲခစန်းမီးလောင်နေသည်ကို မြင်တွေ့ရစဉ်။

ရွှေနွယ်

(မဇ္ဈိမ)။ ။တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပူးပေါင်းတပ်များ စခန်းသိမ်းတိုက်ပွဲဖော်ဆောင်နေသည့် မိုးကုတ်မြို့အနောက်ပိုင်းမှ ကျပ်ပြင်ရဲစခန်း မီးလောင်နေပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုများရှိနေကြောင်း ယနေ့ (ဇွန်လ ၂၇ ရက်) မွန်းလွဲ ပိုင်း အခြေအနေကို မြို့ခံများကပြောသည်။

ကျပ်ပြင်ရဲစခန်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။ မွန်းလွဲ ၁၂ နာရီကျော်အချိန်ခန့်မှစတင်ကာ ကျပ်ပြင်နယ်မြေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ၊လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံများကပြောသည်။

“လက်ရှိတော့ ရဲစခန်း မီးလောင်နေပါတယ်။ စခန်းတက်သိမ်းနေပြီ လို့ ကြားပါတယ်။ လက်နက်တိုက် ပေါက်ကွဲတယ်လို့လည်းပြောနေကြပါတယ်” ဟု ကျပ်ပြင်နယ်မြေအတွင်းနေထိုင်သူတဦးက မဇ္ဈိမကိုပြောသည်။

မြို့အနောက်ပိုင်းရှိ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့ကို TNLA က ဇွန်လ ၂၅ရက်နှင့် ၂၆ရက်တွင် တိုက်ခိုက်သိမ်းယူပြီးနောက်ယနေ့တွင် ကျပ်ပြင်ရဲစခန်းကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ယနေ့ မွန်းလွဲ ၃ နာရီခန့်မှစတင်ကာ မိုးကုတ်မြို့ အရှေ့ပိုင်းသို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဝင်ရောက်လာနေပြီး ပစ်ခတ်သံများလည်းထွက်ပေါ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များနှင့် ဘုန်းကြီးကျောင်းအချို့ ထိခိုက်ပျက်ဆီးမှုများရှိနေပြီး အရပ်သား ၁၀ ဦးထက်မနည်းထိခိုက်မှုရှိကြောင်း မြို့ခံများကပြောသည်။ မွန်းလွဲ ၁နာရီခန့်က မိုးကုတ်မြို့၊အနောက်ပိုင်းတနေရာကို လက်နက်ကြီးကျရောက်ပေါက်ကွဲရာ အမျိုးသမီးတဦးသေဆုံးခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ လတ်တလော အခြေအနေတွင် အရပ်သားထိခိုက်မှု၊ နေအိမ်ပျက်စီးမှုအသေးစိတ်ကို အတည်ပြု၍ မရသေးပေ။

” သေဆုံးသူအချို့ရှိနေပြီ။ လေကြောင်းကနေ ပစ်တာ ခဏခဏပဲ။ လက်နက်ကြီးပေါက်ကွဲလို့ လူကြီးအချို့ နားမကြားတော့တဲ့အနေအထားလည်း ကြုံနေရပြီ။ တိုက်ပွဲကပိုပြီးပြင်းထန်နေပါတယ်။ ဖုန်းလိုင်းတွေလည်းမကောင်းလို့၊ အပြင်လည်းထွက်မရလို့ အသေးစိတ်မသိနိုင်တဲ့အခြေအနေပါ”ဟု မြို့ခံတဦးကပြောသည်။

မိုးကုတ်မြို့မှစစ်ကောင်စီစခန်းများကို TNLA ၊MDY-PDF ၊မိုးကုတ်ဗျူဟာတပ်ရင်း(၁၂၂၁)၊ (၁၂၂၂)၊ (၁၂၂၃)၊ (၁၂၂၄)တို့ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ယနေ့သည် တိုက်ပွဲသုံးရက်မြောက်ဖြစ်ပြီး ဒေသခံအများအပြားသည် မြို့တွင်း၌ ပိတ်မိနေသည်။ ဘေးလွတ်ရာသို့ထွက်ခွာလိုသော်လည်း မိုးကုတ်မြို့မှ အထွက်လမ်းများတွင် စစ်ရေးတင်းမာနေပြီး လမ်းပိတ်နေသောကြောင့် နေအိမ်များ၌ပင် ပုန်းခိုနေရသည်ဟု မြို့ခံများကပြောသည်။

စစ်ကောင်စီက မြို့အားလေကြောင်းမှတိုက်ခိုက်မည့်အန္တရာယ်ကိုစိုးရိမ်ထိတ်လန့်နေကြရကြောင်းလည်း မြို့ခံများကပြောသည်။

စာတည်း – အေးချမ်း