တက်တူးရှိတဲ့သူတွေ ပြည်သူ့ စစ်မှုထမ်းဥပဒေက ကင်းလွတ်တယ်ဆိုတာ တကယ်လား

ZZ

(မဇ္ဈိမ) ။ ။ တက်တူးရှိတဲ့သူတွေကို ပြည်သူ့ စစ်မှူထမ်းဥပဒေကနေ ကင်းလွတ်ခွင့်ပေးတယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ရက်မှာ ပျံ့နေပါတယ်။

Life Passenger ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ “ပျော်လိုက်တော့ သားရီးတို့” ဆိုတဲ့ စာသားနဲ့အတူ ပုံတစ်ပုံပါဝင်တဲ့ ပို့စ်ကို ဧပြီ ၂၁ ရက်နေ့က ရေးသား ဖြန့်ဝေခဲ့ပါတယ်။

ဓာတ်ပုံထဲမှာတော့ MRTV က သတင်းကြေညာတဲ့ သူတဦးပုံပေါ်မှာ “တက်တူးရှိသူများ စာရိတ္တ မကောင်းသဖြင့် နိုင်ငံအတွက် စစ်မှုထမ်းဆောင်ရန် မသင့်၊ ပြည်သူ့စစ်မှုထမ်းဥပဒေမှ ကင်းလွတ်ခွင့်ပြုကြောင်း (န.စ.က) မှ သတင်းထုတ်ပြန်” (မူရင်းအရေးအသားအတိုင်း) ဆိုတဲ့စာသားလဲပါဝင်ပါတယ်။

အဲ့ဒီပို့စ်ကို ကြိုက်နှစ်သက်သူ ၈၀,၀၀၀ ကျော်၊ မှတ်ချက်ပြုသူ ၅,၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူ ၁၇,၀၀၀ ထိ ရှိနေပြီဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ ဧပြီ ၁၁ ရက်နေ့တုန်းကလည်း ပျံ့နှံ့ခဲ့သလို ပြည်သူ့ စစ်မှုထမ်းဥပဒေ ထွက်ပေါ်ပြီးကတည်းက မကြာခဏဆိုသလိုပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

ဒီလို လူပြောများပြီး ပျံ့နှံ့မှု များပြားနေတဲ့ အကြောင်းအရာကို မဇ္ဈိမက အချက်အလက် စစ်ဆေးတဲ့ခါမှာတော့ သတင်းတုဖြစ်ကြောင်း တွေ့ရပါတယ်။

စစ်ကောင်စီက ထုတ်ပြန်တဲ့ ပြည်သူ့ စစ်မှုထမ်းဥပဒေမှာပါဝင်တဲ့ အခန်း (၆) ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခြင်းဆိုတဲ့ စာပိုဒ်မှာတော့ တက်တူးထိုးသူများကို ကင်းလွတ်ခွင့်ပေးတယ်ဆိုတာမျိုး မပါရှိတာကိုတွေ့ရပါတယ်။

ဥပဒေထဲမှာတော့ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီး အပြင် အိမ်ထောင်ပျက်ပြီး သားသမီးရှိတဲ့ အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါ တစ်ခုခုမသန်စွမ်းတဲ့သူတွေ၊ တပ်မတော်စစ်ဆေးရေးဘုတ်အဖွဲ့က စစ်မှုထမ်းဆောင်ဖို့ အမြဲတမ်း မသင့်လျော်တဲ့ သူတွေ၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြီး ကင်းလွတ်ခွင့်ပြုထားတဲ့သူတွေသာပါဝင်ပါတယ်။

စစ်ကောင်စီတပ် ထဲမှာတော့ လူသစ်စုဆောင်းတဲ့အခါ တက်တူးမရှိရဘူးလို့ စည်းကမ်းချက်ထုတ်ထားပေမယ့် တကယ်တမ်းကျ တက်တူးထိုးထားတဲ့ စစ်သားတွေ အများကြီးရှိပြီ ဒါဟာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တခု သာသာပဲ ဖြစ်တယ်လို့ CDM ပြုလုပ်ထားတဲ့ ဗိုလ်ကြီးထက်မြက်က မဇ္ဈိမကို ပြောပါတယ်။

“စစ်သားတွေစုတဲ့အခါမှာ အချို့က တော်တော်လေးအဆင်မပြေဘူး ရှားပါးကြတယ်။ အဲ့တော့ သူတို့က ဒီတက်တူးလေးတခု နှစ်ခုလောက်ပါရင်တော့ ပိုက်ဆံပေးပြီး ညှိလိုက်ပါမယ်ဆိုတဲ့ ပုံစံမျိုးရှိတယ်ဗျာ။ သူတို့စားပေါက်အတွက်ပေါ့။ အမှန်တကယ်လိုအပ်လာရင်တော့ ဘယ်သူမှမလွတ်ဘူး။ ဒီတက်တူးမပြောနဲ့။ အခြား ကျန်းမာရေးမကောင်းပါဘူးဆိုတဲ့သူတောင် ကောင်းတယ်ဆိုပြီး သူ့ဘာသူ မှတ်ချက်ရေးပြီး ခေါ်သွားတာမျိုးဆိုတော့ တက်တူးလောက်က သူတို့အတွက် ဘာမှမဖြစ်ဘူး။” လို့ သူကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အမျိုးသမီး CDM တရားသူကြီး တဦးကို မေးမြန်းရာမှာလည်း ဒီအကြောင်းဟာ ကောလာဟလပဲ ဖြစ်တဲ့အကြောင်းနဲ့ တတ်တူးရှိလို့ စစ်မှုထမ်း ဥပဒေကို ကင်းလွတ်ခွင့်ပြုတယ်ဆိုတာဟာ မဖြစ်နိုင်တဲ့အကြောင်း မဇ္ဈိမကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းပြီး တပ်သားသစ် စုဆောင်းဖို့ ပြုလုပ်နေတဲ့ အခြေအနေမှာ နိုင်ငံတဝှမ်းက လူငယ်တွေကို ဖမ်းဆီး ငွေညစ်တာတွေ ရှိလာနေပြီး သင်္ကြန်ပြီးမှ စတင်မယ်လို့ ကြေငြာထားတဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းကိုလည်း ဧပြီလ အစကတည်းက စတင်နေတာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ယခုပျံ့နှံ့နေတဲ့ တက်တူးထိုးထားရင် ပြည်သူ့စစ်မှုထမ်းခွင့်ကနေ ကင်းလွတ်တယ်ဆိုတာဟာ မဟုတ်မမှန်ရေးသားထားပြီး ပြည်သူတွေကို မျှော်လင့်ချက်အမှားတွေ ပေးနေတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။