ထီးလင်းမှစစ်ကောင်စီတပ်များ အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးပြီး စားနပ်ရိက္ခာလုယက်

ထီးလင်းမြို့နယ်က စစ်ဘေးရှောင် ဒေသခံများ/ဓာတ်ပုံ-CJ

ကိုခင်မောင်

(မဇ္စျိမ)။ ။မကွေးတိုင်း၊ ထီးလင်းမြို့မှစစ်ကောင်စီတပ်များ အနီးဝန်းကျင်ရှိကျေးရွာများအား စစ်ကြောင်း ထိုးပြီး စားနပ်ရိက္ခာများလုယက်နေသည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ထီးလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ရိက္ခာဖြတ်တောက်ခြင်းဆောင်ရွက်ခဲ့သည်မှာ ၁၅ လ ခန့်ရှိနေ ပြီဖြစ်ပြီး စစ်ကောင်စီတပ်များက မြို့နယ်နှင့်ငါးမိုင်ပတ်လည်ရှိကျေးရွာရှစ်ရွာသို့ လစဥ် စစ်ကြောင်းထိုး ကာ စားနပ်ရိက္ခာများလုယက်လျက်ရှိကြောင်း မြို့နယ်ပကဖတာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

“စစ်ကောင်စီတပ်က အင်အား ၈၀၊ ၁၀၀ ဝန်းကျင်နဲ့စစ်ကြောင်းထိုးလေ့ရှိပြီး ဆန်၊ ဆီ၊ စပါးစတဲ့ရိက္ခာတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ တန်ဖိုးကြီးပစ္စည်းတွေ တွေ့သမျှ အကုန်ယူတတ်ကြပါတယ်။ ရုတ်တရက် ထွက် လာပြီး ရိက္ခာလုတာမျိုးတော့ ထီးလင်းဘေး ငါးမိုင်ပတ်လည်ကရွာတွေ ခံကြရတတ်တယ်” ဟု ထီးလင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူတဦးက ဆိုသည်။

ဖေဖော်ဝါရီ ၂၆ ရက် ယမန်နေ့ နံနက် ၃ နာရီတွင် ထီးလင်းမြို့နယ်နှင့် သုံးမိုင်ခန့်ကွာဝေးသော သရခါရွာ သို့ စစ်ကောင်စီတပ်များစစ်ကြောင်းထိုးလာပြီး စားနပ်ရိက္ခာများ ကားနှစ်စီးစာတိုက်ယူသွားကာ နံနက် ၁၁ နာရီခန့်တွင် မြို့အတွင်းသို့ပြန်ဝင်သွားကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ထီးလင်းမြို့နယ်နှင့် ငါးမိုင်ပတ်လည်ဝန်းကျင်မှ ကျေးရွာများဖြစ်သည့် သရခါ၊ ကျားခဲ၊ အနောက်ဘက်၊ အောင်း၊ ထလင်း၊ တောရောင်း၊ ထန်းပင်ကုန်း၊ ပုဏ္ဏားစသည့်ကျေးရွာများရှိ ဒေသခံများ၏ စားနပ်ရိက္ခာ များအား စစ်ကောင်စီတပ်မှ ယူဆောင်သွားလေ့ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာများမှ သက်ကြီးရွယ်အိုများ၊ ကလေးမိခင်များနှင့် ကျောင်းသားများသည် အမြဲ စစ်ဘေး ရှောင်နေကြပြီး ကျန်လူများမှာ ရွာထဲတွင် နေ့ခင်းဘက် လုပ်စရာရှိသည်များလုပ်ကြပြီး ညဘက်တွင် တောအတွင်းမှတဲများသို့ ပြန်နေကြရကြောင်း ဒေသခံများကပြောသည်။

ထီးလင်းမြို့သို့ ကုန်စည်များပို့နိုင်သော ထီးလင်း-ကျင်း-ပေါက်-ပခုက္ကူ လမ်း၊ ထီးလင်း-ရေမျက်နီ -ဂန့်ဂေါ- ကျော-ပုလဲလမ်း၊ ထီးလင်း-ကျောက်ထု-ပေါက်လမ်းတို့ကို တော်လှန်းရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး စားနပ်ရိက္ခာများပို့ဆောင်ခြင်းကို တားမြစ်ထားသည်။

လက်ရှိတွင် ထီးလင်းမြို့ပေါ်၌ စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်၊ ရဲအင်အား၂၀၀ ခန့်၊ ပျူစောထီးနှင့် ၎င်းတို့၏မိသားစုဝင် ၃၀၀ ခန့်၊ Non CDM ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုဝင် ၁၀၀ ခန့်၊ စုစုပေါင်း ၇၀၀ ခန့်ကျန်ရှိသေးပြီး အနီးပတ်ဝန်းကျင်ရွာများမှ စားနပ်ရိက္ခာများလုယက်စားသောက်နေခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

“အခုလိုပဲစစ်ကြောင်းထိုးပြီး လုစားနေကြတာဗျ။ အရင်ကတော့ သူ့အဆက်ကိုယ့်အဆက်နဲ့ ရိက္ခာအနည်း အကျဥ်းသွင်းကြတာတွေရှိတယ်။ ပြည်သူကတော့ သိပ်မကျန်တော့ပါဘူး။ တလနဲ့တလမတူဘူး၊ တပတ် နှစ်ကြိမ်၊ သုံးကြိမ် ထိုးတဲ့လတွေရှိသလို၊ တပတ်လုံးတခါမှ မထွက်တဲ့လတွေလည်းရှိတယ်” ဟု မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ထီးလင်းမြို့နယ်၊ ထလင်းရွာသို့ စစ်ကောင်စီတပ်များ ရိက္ခာရှာ ထွက်လာစဉ် ရွာအဝင်ရှိ မောချောင်းကူးကြိုးတံတားအနီးတွင် ကျွဲကျောင်းပြီး ကျွဲရေချနေသော ဒေသခံ အမျိုးသားနှစ်ဦးကိုဖမ်းဆီးခဲ့ရာတွင် တဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်တဦးမှာ စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

ထီးလင်းမြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ တပ်မ (၇၇)နှင့် တပ်မ (၁၀၁)မှ စစ်ကောင်စီတပ်သား များသည် ရွှေထီးခန်းမ၌တပ်စွဲထားပြီး မြို့အနှံ့ပတ်ပတ်လည်တွင် ဘန်ကာများ အခိုင်အမာတည်ဆောက် ထားကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

စာတည်း။ ။စောဖေ