ဖယ်ခုံမြို့နယ်က လအိပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်၍ ၂ ဦး သေဆုံး

ဗုံးကြဲတိုက်ခိုက်ခံရသည့် လအိ ပြည်သူ့ဆေးရုံ(ဓါတ်ပုံ- မိုးဗြဲ PDF)

ဂျူချန်း

(မဇ္ဈိမ)။ ။ ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့နယ်၊ လအိပြည်သူ့ဆေးရုံကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ယနေ့ မတ်လ ၂၂ ရက် နံနက် ၁၀နာရီ ၁၀ မိနစ်ခန့်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“လအိကိုလေယာဉ်နဲ့လာကြဲတယ်။ ဆေးရုံကို လာကြဲသွားတာ။ တိုက်ပွဲမဖြစ်ဘူး” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ယနေ့ နံနက် ၁၀ နာရီကျော်တွင် လအိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လေးကြိမ် ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူနှစ်ဦးသေဆုံးပြီး ဆေးရုံကားတစီးနှင့် ဆေးရုံအဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း မိုးဗြဲ PDF တပ်ရင်းအမှတ် (၁၀၀၇) ကလည်း ထုတ်ပြန်ထားသည်။


“ဆေးရုံထဲ လူနာတော့မရှိဘူး။ အစောင့်တချို့တော့ရှိတယ်” ဟု မိုးဗြဲ PDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လအိပြည်သူ့ဆေးရုံသည် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ယခင်ကတည်းက လူနာလက်ခံကုသခြင်း၊ ထားရှိခြင်းမပြုဘဲ ဆေးရုံပစ္စည်းအချို့ကိုသာ သိုလှောင်ထားသည့်နေရာ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင်လည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီအီရွာ စာသင်ကျောင်း နှင့် လွိုင်နန်းဖ စာသင်ကျောင်းများကို ကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဒေါဆီအီကျောင်းမှ အသက် ၁၀ နှစ်မှ ၁၃ နှစ်ကြား ကလေးငယ်လေးဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ထိုလေကြေင်း တိုက်ခိုက်မှုအတွင်း လွိုင်နန်းဖတွင်လည်း အရပ်သားတဦး သေဆုံးခဲ့သည်။

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ပြီး တိုက်နေရသော စစ်ကောင်စီတပ်သည် လေကြောင်းကို အားထားနေရပြီး တန်ပြန်တုံ့ပြန်သော ပစ်မှတ်များသည်လည်း စာသင်ကျောင်းများနှင့် ဆေးရုံးအများပေါ်သို့ ထိမှန်ပေါက်ကွဲမှုများ ရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ရှိ ရမ်းဗြဲဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သေးသည်။

အာဏာသိမ်းပြီး ၂၀၂၃ ဒီဇင်ဘာအထိ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၁၀၀ ကျောင်း၊ ဆေးရုံ ၃၀ ခုနှင့် ဘာသာရေးအဆောက်အအုံ ၁၈၈ ခု ပျက်စီးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၉၃၆ ဦး သေဆုံးခဲ့ရကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်