စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ လက်နက်ကြီးပစ်ခတ်ရာ အမျိုးသမီးအပါအဝင် စစ်ရှောင် ၃ ဦးဒဏ်ရာရ

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ကုန်းကျေးရွာ စစ်ရှောင် တစ်ဦး လက်နက်ကြီး ထိမှန်ပုံ

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ယမန်နေ့ မတ် ၂၁ ရက်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အမျိုးသမီး တဦးအပါအဝင် အသက်ကြီးပိုင်း စစ်ရှောင် သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။

တနင်္သာရီမြို့နယ် ဇဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ကုန်းကျေးရွာ အနီးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယင်းလမ်းပိုင်းရှိ ခရီးသည်ကားများတွင် စစ်ကောင်စီနှင့် သက်ဆိုင်သော ပစ္စည်းများကို ရပ်တန့်စစ်ဆေးစဉ် ဇဝဲရွာ အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ (၅၅၆) မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်များထံမှ သိရသည်။

“လက်နက်ကြီးထိတာ အသက်ကြီးပိုင်း စစ်ရှောင် အမျိုးသား နှစ်ဦးပါ၊ ဆေးကုသမှုခံယူထားလို့ တဦးက သက်သာနေပြီး ကျန်တဦး နည်းနည်း စိုးရိမ်ရတယ်”ဟု စစ်ရှောင် ကူညီပေးနေသူ တဦးက ပြောသည်။

၈၁ မမ လက်နက်ကြီး ရှစ်လုံးဖြင့် ပစ်ခတ်မှုကြောင့် ကျည်စထိမှန်ခဲ့သူမှာ အသက် ၆၀ ဝန်းကျင်အရွယ်ဖြစ်သည့် ဦးရွှေဝင်းနှင့် ဦးဝင်းအေးတို့ ဖြစ်ပြီး လက်ရှိ ဆီးအုံတွင် ပြင်းထန်ထိခိုက်ထားသူ ဦးအေးဝင်းသည် စိုးရိမ်ရ၍ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း ၎င်းက ဆိုသည်။

အလားတူ ယင်းနေ့ တရက်တည်းတွင် ပုလောမြို့နယ်က မင်းပြင်ရွာခံ အသက် ၅၀ နှစ် အရွယ်ရှိ ဒေါ်ကြေးမုံ ဆိုသူသည် နေအိမ်၌ရှိနေစဥ် ဇာဒီတောင်ကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ကျည် ကျရောက်ပေါက်ကွဲကာ ကျည်စ ထိမှန်ဒဏ်ရာရခဲ့သည်။

အဆိုပါ မြို့နယ် နှစ်မြို့နယ်သည်၊ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် မြို့နှစ်မြို့ ဖြစ်၍ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဆက် ရှိနေသေးသည့်အပြင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အတွင်းက စစ်ကောင်စီတပ်ဘက်က ထိုသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ၎င်းတို့၏လက်အောက်ခံ မိသားစုများ အပြင် အရပ်သား၊ စစ်ရှောင်များ ထိခိုက်သေဆုံးသည့် ဖြစ်စဉ်များ ရှိခဲ့သည်။

တနင်္သာရီတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က စစ်ရေး အရှိန်မြှင့် လုပ်ဆောင်မှုကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေ၍ တနင်္သာရီနှင့် ပုလောမြို့နယ်ဖက်တို့တွင် စစ်ရှောင် အများပြားရှိနေသေးသလို ဖေဖော်ဝါရီနှင့် မတ်လ အတွင်း ထားဝယ်မြို့ အရှေ့တောဒေသဖက်တွင် ယာယီ စစ်ရှောင် ၁၀,၀၀၀ ကျော်အထိ တိုးလာခဲ့ကြောင်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ပြီးခဲ့သည့်အပတ်၌ မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည့် သတင်းတွင် တာဝန်ရှိသူက ဖြေကြားထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)