တရုတ်က တောင်တရုတ်ပင်လယ် တင်းမာမှုအား ပိုမို ဆိုးဝါးအောင် မလုပ်သင့်

The Asian Age

တောင်တရုတ်ပင်လယ်သည် သပွတ်အူသမျှ ပထဝီနိုင်ငံရေး ရှုပ်ထွေးမှုနှင့် ပြင်းထန်သော ယှဉ်ပြိုင်မှုတို့ကို ကိုယ်စားပြုနေသည်။ အလျှံပယ် ကြွယ်ဝသော ငါးအရင်းအမြစ်က ကမ္ဘာ့စုစုပေါင်း ငါးဖမ်းမှု၏ ၁၂ ရာခိုင်နှုန်းခန့်ကို ဖြည့်တင်းပေးနေကာ ဒေသတွင်း ပြည်သူ သန်းပေါင်းများစွာ၏ ဝမ်းရေးအတွက် အခရာကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ ထိုပြင် မတူးဖော်ရသေးသော ရေနံနှင့် သဘာဝဓာတ်ငွေ့လည်း အလျှံပယ်ပင် ရှိနေပြီး ခန့်မှန်းခြေအားဖြင့် ရေနံ စည်ပေါင်း ၁၁ ဘီလီယံနီးပါးနှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၉၀ ထရီလီယံ ရှိနိုင်သည်။ ယင်း သယံဇာတများသည် နယ်ခြားနိုင်ငံများ၏ ချမ်းသာကြွယ်ဝရေးနှင့် ဖြစ်တန်ခြေ စီးပွားရေး ဖွံ့ဖြိုးမှုတို့အတွက် အကြောင်းခံလည်း ဖြစ်ပေသည်။

တောင်တရုတ်ပင်လယ်၏ မဟာဗျူဟာ အရေးပါမှုသည် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးအထိ လွှမ်းခြုံနေသည်။ ကမ္ဘာ့ရေလမ်းကြောင်း ကုန်သွယ်မှု၏ သုံးပုံတစ်ပုံကျော် ရှိနေသော မရှိမဖြစ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်ကာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ထရီလီယံဖိုး ကုန်စည်များ ဖြတ်သန်းကူးလူးရာပဲ ဖြစ်သည်။ အာရှ၏ အဓိကစီးပွားရေးနိုင်ငံများနှင့် ဥရောပ၊ အာဖရိကနှင့် အမေရိကတို့ရှိ ဈေးကွက်များကို ချိတ်ဆက်ပေးသည်။ ထိုအတွက်ကြောင့် တောင်တရုတ်ပင်လယ်အရေးတွင် ယှဉ်ပြိုင်နေသော ပိုင်နက်နယ်မြေ တောင်းဆိုမှုနှင့် ရေပြင်အုပ်ချုပ်ပိုင်ခွင့်တို့က အခရာ ဖြစ်လာပြီး ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အချက်အခြာအဖြစ်လည်း မီးမောင်းထိုးပြနေသည်။

တောင်တရုတ်ပင်လယ်၏ သမိုင်းတင် အရှုပ်အထွေးသည် ရာစုနှစ်များစွာကပင် အမြစ်တွယ်လာခဲ့ခြင်း ဖြစ်သည်။ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့အပါအဝင် ဒေသတွင်း နိုင်ငံအသီးသီးသည် ကျွန်းစုများနှင့် သန္တာကျောက်တန်းများအား အချုပ်အခြာ ပိုင်ဆိုင်မှုအတွက် ယှဉ်ပြိုင်နေကြသည်။ ထို ယှဉ်ပြိုင်မှုများကြောင့် ရှင်းမနိုင်သော သမိုင်းနှင့်ချီသည့် အငြင်းပွားမှု၊ အမျိုးသားရေး ပြင်းထန်မှုနှင့် နည်းဗျူဟာ အသာစီးယူမှုများ ဖြစ်ပွားလာစေသည်။ အဆိုပါ ဘက်ပေါင်းစုံ ပြဿနာ၌ အမေရိကန်ကဲ့သို့သော အရေးပါသည့် ကမ္ဘာ့အင်အားနိုင်ငံများ ပါဝင်လာခြင်းမှာ ဘူးလေးရာ ဖရုံဆင့် ဖြစ်စေသည်။

ယခုလို ရှုပ်ထွေးသော အရေးအရာမျိုးကြားမှာပင် တောင်တရုတ်ပင်လယ်၏ အငြင်းပွားနေရာတခု၌ ဖိလစ်ပိုင်သင်္ဘောတစင်းအား တရုတ်ကမ်းခြေစောင့်ရေယာဉ်က ရေအမြောက်ဖြင့် ထိုးပက်ခြင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ယင်း ဖြစ်စဉ်က တည်ငြိမ်မှုမဲ့နေသေးဆဲ အဖြစ်သနစ်ကို ပြသလျက် ရှိနေသည်။ မူမမှန်သော အခြေအနေကို ဖွင့်လှစ်ပြနေရုံ သက်သက်သာ မဟုတ်ဘဲ ဒေသတွင်း ပြန့်နှံ့ဖြစ်တည်နေသည့် ငုပ်လျှိုးနေသော သောကနှင့် မရေရာ မသေချာသည့် အခြေအနေတို့၏ ရောက်ပြန်ဟပ်မှုလည်း ဖြစ်သည်။ ထိုနည်းတူ တရုတ်လက်နက်ကိုင်တပ်များနှင့် ရေပြင်ပြည်သူ့စစ်များဟု ယူဆရသည့် အဖွဲ့များကြားက ဆက်နွယ်နေမှုကို သက်သေကောင်းကောင်း ပြသနေပြီး တရုတ်၏ မဟာဗျူဟာ အခင်းအကျင်းနှင့် ရေပြင်နယ်ဝန်းအတွင်းက ဘေးအန္တရာယ်များကိုပါ မီးမောင်းထိုးပြနေသည်။

ယခု ဆောင်းပါးသည် အဖြစ်အပျက်များ၏ အကျိုးနှင့် အကြောင်းကို စူးစမ်းပြီး တောင်တရုတ်ပင်လယ်၏ အရေးပါမှုနှင့် အနေအထားတို့ကို စေ့စေ့စပ်စပ် သုံးသပ်သွားမည် ဖြစ်သည်။ အဓိက ထောက်ပြလိုသည့် အချက်မှာ တောင်တရုတ်ပင်လယ်၌ အကန့်အသတ်ရှိသော စစ်ရေးပဋိပက္ခ၏ ဖြစ်နိုင်ခြေသည် ထိုင်ဝမ်အရေး အငြင်းပွားမှုထက်ပင် ပို၍ သိသာမြင်သာ ရှိသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ဩဂုတ် ၅ ရက်နေ့သည် တောင်တရုတ်ပင်လယ် ပဋိပက္ခ၌ အရေးပါသော အချိုးအကွေ့အဖြစ် ပုံဖော်နိုင်မည့် နေ့တနေ့ ဖြစ်သည်။ ယင်းနေ့တွင် Spratly Islands ကျွန်းစုများအတွင်းက Second Thomas Shoal ကမ်းနီးရေတိမ်ပိုင်းရှိ အဝေးက စစ်စခန်းတခုဆီ ဖိလစ်ပိုင်သင်္ဘောတစင်း ရိက္ခာထောက်ကူ သွားပို့ခဲ့ရသည်။ ထိုအခါ၌ တရုတ်သင်္ဘောအုပ်တခု၏ တားဆီးပိတ်ဆို့မှုနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ တရုတ်သင်္ဘောအုပ်အတွင်း ငါးဖမ်းသင်္ဘောများ သဏ္ဍန် အပြာရောင်ကိုယ်ထည်ရှိ သင်္ဘောနှစ်စင်းကို မြင်တွေ့ရ၍ ရေပြင်ပြည့်သူစစ်အဖွဲ့တဖွဲ့နှင့် ဆက်စပ်ပုံ ရှိသည်ဟု ယူဆစရာပဲ ဖြစ်သည်။ တရုတ်ကမ်းခြေစောင့်ရေယာဉ်တစင်းက ပို၍ သေးငယ်သော ဖိလစ်ပိုင်သင်္ဘောကို ရေအမြောက်ဖြင့် ထိုးပက်ချိန်၌ ထိပ်တိုက်တွေ့မှု အရှိန်မြင့်တက်ခဲ့သည်။ ဖိလစ်ပိုင်က ပေးသော ထို ဖြစ်စဉ်အား ရိုက်ကူးထားသည့် ရှင်းလင်းပြတ်သားသော ဗီဒီယိုကြောင့် တရုတ် သင်္ဘောများ၏ ရန်လိုသော လုပ်ရပ်ကို မျက်နှာဖုံး ခွာချလိုက်ရုံမက တခြား သက်သေအချို့ကိုလည်း ဖမ်းဆုပ်လိုက်နိုင်သည်။ တရုတ်စစ်တပ်နှင့် တရုတ်၏ “little blue men” ဟု ရံဖန်ရံခါ သုံးနှုန်းသည့် ရေပြင် ပြည်သူ့စစ်များကြား ဆက်နွယ်နေမှုကို ယုံကြည်လောက်သော သက်သေ ရလိုက်လိုက်ခြင်းပဲ ဖြစ်သည်။ အဆိုပါ ကိုယ်ထည်ပြာ သင်္ဘောများ ရှိနေခြင်းသည် တရုတ်၏ များပြားလှစွာသော စစ်မက်ရေးရာ ချည်းကပ်မှုမှ တစိတ်တဒေသအဖြစ် အကဲခတ်များက ကောက်ချက်ချကြသည်။ ထိုအတွက် တရုတ်၏ လှုပ်ရှားမှုများနှင့် ပတ်သက်ပြီး ထောင်စုံမှ စုံစမ်းစစ်ဆေးရန်နှင့် ရေပြင်အငြင်းပွားမှုများတွင် ပြင်ပအဖွဲ့အစည်းများ ပါဝင်ရန် တွန်းအား ဖြစ်လာခဲ့သည်။

ယခု ဖြစ်ရပ်၏ ဂယက်သည် လတ်တလော အငြင်းပွားမှုများထက် ပို၍ ကျယ်လောင်သွားပြီး ဒေသတွင်းနှင့် ကမ္ဘာရေးရာတလျှောက် ပဲ့တင်ထပ်သွားသည်။ တရုတ်နှင့် ဖိလစ်ပိုင်ကြားရှိ ရှေးမဆွက ပွတ်သပ်မှုများနှင့် သံသယအစိုင်အခဲကိုလည်း ပို၍ ကြီးထွားသွားစေသည်။ သပွတ်အူလိုက်နေသော တောင်တရုတ်ပင်လယ် အကျပ်အတည်းကို ပို ရှုပ်သထက် ရှုပ်ထွေးစေသည်။ ယခု ဖြစ်ရပ်အားဖြင့် ဒေသတွင်း မီးစပွားနိုင်ခြေရှိသည့် စနက်တံကို သိမြင်သွားရပြီး အာဏာပိုင်စိုးမှု၊ စိုးမိုးနိုင်မှုနှင့် မဟာဗျူဟာ ပေါင်းစည်းမှု စသော ခက်ခဲရှုပ်ထွေးသည့် အပြန်အလှန် အားပြိုင်မှုများကိုပါ မီးမောင်း ထိုးပြလိုက်သည်။

ထိုပြင် သိမ်မွေ့စွာ ဟန်ချက်ထိန်းညှိရေးနှင့် ကန့်သတ်ပိတ်ဆို့မှု စသော ဖြစ်စဉ်များက ပို၍ ကျယ်ပြန့်သော အငြင်းအခုံဆီ ဦးတည်သွားနိုင်ပေသည်။ သံသယဖြစ်ဖွယ် ရေပြင် ပြည်သူ့စစ်များကဲ့သို့ သမရိုးကျမဟုတ်သည့် ရေတပ်ရင်းမြစ်များအား အသုံးချခြင်းသည် ရေကြောင်းဆိုင်ရာ သဘောထားကွဲလွဲမှု၌ ပြောင်းလဲနေသော ဝိသေသနှင့် အခြေခိုင်စွာ ရပ်တည်နိုင်ရေးအတွက် လိုအပ်ချက် ဖြစ်နေသည်ကို အသားပေး ဖော်ပြနေသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင် သင်္ဘောများ ပါဝင်သော ဩဂုတ် ၅ ရက်က ဖြစ်ရပ်သည် ထီးတည်းရှိသော ဖြစ်ရပ်တင် မဟုတ်ဘဲ ပိုမို ကျယ်ပြန့်သော ပထဝီနိုင်ငံရေး ပူပန်သောကအား လှစ်ဟပြချက်တရပ်လည်း ဖြစ်သည်။ ငုပ်လျှိုးနေသော ဒေသဆိုင်ရာ အချင်းများမှု မီးပွားအဖြစ် ဥပမာ ပုံဆောင်နေသည်။ တရုတ်၏ မဟာဗျူဟာ နည်းလမ်းများနှင့် တင်းမာမှု ဖြစ်နိုင်ခြေတို့အား မြင်ကွင်းချဲ့ပေးလိုက်ခြင်းလည်း ဖြစ်သည်။ ယင်း ဖြစ်စဉ်သည် သံခင်တမန်ခင်း ဆွေးနွေးပြောဆိုမှုများ၊ ယုံကြည်မှု တည်ဆောက်မည့် လုပ်ငန်းစဉ်များနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နောက်ထပ် ရန်လိုမှုများအား ချုပ်တည်းကာ တည်ငြိမ်ရေးကို ပျိုးထောင်နိုင်ရေးအတွက် မဖြစ်မနေ လိုအပ်နေသည်ကို ပြသလျက် ရှိနေသည်။