ပင်းဂ်လူတူးမြောင်း သို့မဟုတ် တရုတ်နှင့် ချိတ်ဆက်ဆောင်ရွက်မှု၏ အမှောင်ဘက်ခြမ်း

ပင်းဂ်လူတူးမြောင်း

The Hong Kong Post:-

တရုတ်၏ အကြီးစား ပင်းဂ်လူတူးမြောင်းစီးမံကိန်းသည် ၎င်း၏ အငြင်းပွားဖွယ် ခါးပတ်လမ်း ရပ်ဝန်းစီမံကိန်း (BRI)မှတဆင့် စီးပွားရေးနှင့် ပထဝီနိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုထူထောင်ရန် မနေမနား ကြိုးပမ်းနေမှုကို သက်သေပြနေသည်။ အင်ဂျင်နီယာပညာအရ အံ့ဩဖွယ်ကောင်းမှုနှင့် စီးပွားရေးအရ အကျိုးဖြစ်ထွန်းမှုတို့အတွက် ချီးကျူးခံနေရသော်လည်း ပင်းဂ်လူတူးမြောင်းသည် တရုတ်၏ ရည်မှန်းချက်ကြီးသော အခြေခံအဆောက်အအုံ စီမံကိန်းများတွင် နဂိုကတည်းက တည်ရှိနေသည့် ချို့ယွင်းချက်များနှင့် ဆိုးရွားသော အကျိုးဆက်များကို ဖော်ပြနေသည်။ ဖွံ့ဖြိုးတိုးတက်မှုများ၏ နောက်ကွယ်တွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ရေရှည်တည်တံ့မှုမရှိသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ပထဝီနိုင်ငံရေးအရ ဖိအားပေးအကျပ်ကိုင်မှုများ တည်ရှိနေပြီး ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)၏ အကျိုးဆက်များကို သေသေချာချာ ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ဖော်ပြနေသည်။

တရုတ်၏ မဟာဗျူဟာရည်မှန်းချက်များတွင် အဓိကနေရာမှပါဝင်သည့် ပင်းဂ်လူတူးမြောင်းစီးမံကိန်းသည် ၎င်း၏ စီးပွားရေးခြေလှမ်းများ တိုးချဲ့ရန်နှင့် အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းများတွင် လွှမ်းမိုးမှုရရှိရန် ဆောင်ရွက်နေသည့် တရုတ်၏ ပိုမိုကြီးမားသော အစီအစဉ်တွင် အခရာကျသည်။

တရုတ်သည် ပထဝီနိုင်ငံရေး ဩဇာထူထောင်ရန် ရည်ရွယ်ပြီး အကြီးစားစီမံကိန်းကြီးများတွင် အာရုံစိုက်ထားကြောင်း ၁၃၅ ကီလိုမီတာ ရှည်လျားပြီး ယွမ် ၇၂ ဒသမ ၇ ဘီလီယံ ကုန်ကျမည့် အဆိုပါ တူးမြောင်းက သက်သေပြနေသည်။ သို့သော် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအပေါ် ပြန်လည်ပြင်ဆင်၍မရနိုင်အောင် ထိခိုက်ပျက်စီးသွားစေနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသောကြောင့် သဘာဝပတ်ဝန်းကျင်ကိုရင်း၍ တူးမြောင်းဖောက်လုပ်ရမည် ဖြစ်သည်။

ပင်းဂ်လူတူးမြောင်းစီးမံကိန်းသည် သဘာဝပတ်ဝန်းကျင်တည်တံ့မှုနှင့် လူမှုရေးသာယာဝပြောမှုတို့ကိုရင်းနှီး၍ စီးပွားရေးချဲ့ထွင်မှုကို ဦးစားပေးသည့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)၏ ချို့ယွင်းချက်များအတွက် သာဓကဖြစ်ကြောင်း ဝေဖန်ရေးသမားများက ထောက်ပြကြသည်။ ကမ္ဘာလုံးဆိုင်ရာ ချိတ်ဆက်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အမြော်အမြင်ရှိသည့် စီမံကိန်းအဖြစ် ကြွေးကြော်ထားသော BRI စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ ကြွေးမြီထောင်ချောက်နှင့် ကိုလိုနီလက်သစ်ပုံစံ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများဖြင့် ပြည့်နေသည့် စီမံကိန်းဖြစ်လာခဲ့သည်။ ပင်းဂ်လူတူးမြောင်းစီးမံကိန်းသည် ယင်းကဲ့သို့သော ဒုက္ခများအတွက် နမူနာဖြစ်ပြီး BRI စီမံကိန်း၏ ဆိုးရွားသော အကျိုးဆက်များနှင့်ပတ်သက်သည့် သတိပေးချက်လည်း ဖြစ်သည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI) ဆောင်ရွက်ရခြင်း၏ အဓိကအကျဆုံးအချက်မှာ တရုတ်သည် သဘာဝ သယံဇာတများနှင့် ကုန်ကြမ်းပစ္စည်းများကို အသည်းအသန် လိုအပ်နေသောအချက်ဖြစ်သောကြောင့် သယံဇာတထုတ်ယူမှုနှင့် တင်ပို့မှုကို လွယ်ကူချောမွေ့စေမည့် အခြေခံအဆောက်အအုံစီမံကိန်းများကို တရစပ် ဖော်ဆောင်နေခြင်းဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်ရာတွင် လွယ်ကူချောမွေ့စေရန် ရည်ရွယ်သည့် ပင်းဂ်လူတူးမြောင်းသည် သမားရိုးကျ ရေလမ်းကြောင်းများကို နောက်ကောက်ချ၍ အရေးပါသော သယံဇာတများကို ရယူရန် တွက်ချက်ဆောင်ရွက်ထားခြင်းဖြစ်သည်။ သို့သော် တူးမြောင်းဖောက်လုပ်မှုသည် ဒေသတွင်း ဂေဟစနစ်ကို ပျက်စီးစေကာ ထိခိုက်လွယ်သည့် ရေလမ်းကြောင်းများကို လမ်းကြောင်းပြောင်းစေပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို ပိုမိုဆိုးရွားစေမည့် အန္တရာယ်ရှိနေသည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်မှုများသည် သဘာဝနယ်မြေ အများအပြား ထိခိုက်ပျက်စီးမှု၊ လေထုညစ်ညမ်းမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးမှုတို့ကို ခန့်မှန်းတွက်ချက်ထားပြီး ပင်းဂ်လူတူးမြောင်း၏ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့်ပတ်သက်၍ သတိပြုရမည့် အချက်များကို ဖော်ထုတ်ထားသည်။ အဆိုပါ တူးမြောင်းသည် ဒီရေတောများနှင့် ရေချိုအရင်းအမြစ်များ အပါအဝင် ထိခိုက်လွယ်သည့် ဂေဟစနစ်နယ်မြေများနှင့်ဆက်စပ်နေသောကြောင့် ၎င်း၏ ရေရှည်တည်တံ့မှုအပေါ် အလေးထားရမည့် စိုးရိမ်မှုများ ဖြစ်ပေါ်လာစေသည်။ ထို့ပြင် စီမံကိန်းတွင် စက်ယန္တရားကြီးများကို အသုံးပြုခြင်း၊ သောင်တူးခြင်းနှင့် ကွန်ကရစ်အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ပိုမိုဆိုးရွားစေပြီး ဂေဟစနစ် ယိုယွင်းပျက်စီးမှုနှင့် အရင်းအမြစ်များပျက်စီးမှု သံသရာကို ဖြစ်ပေါ်နေစေသည်။

ထို့ပြင် အဓမ္မရွှေ့ပြောင်းနေရာချထားခြင်း၊ မြေယာသိမ်းဆည်းခြင်းနှင့် လုပ်အားခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းများ ရှိနေသောကြောင့် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)တွင် လူမှုရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအား မသိကျိုးကျွံပြုထားမှုကို ပင်းဂ်လူတူးမြောင်းက သာဓကပြနေသည်။ ထောင်နှင့်ချီသော အလုပ်သမားများသည် တူးမြောင်းဖောက်ရာတွင် နေ့ရောညပါ ပင်ပန်းကြီးစွာ လုပ်ကိုင်နေကြရပြီး အန္တရာယ်ရှိသော လုပ်ငန်းခွင်အခြေအနေများ၊ အခကြေးငွေ လုံလောက်စွာ မရရှိမှုများနှင့် ကြုံရလေ့ရှိသည်။ ဒေသခံများသည် စီမံကိန်း၏ ဆိုးရွားသော အကျိုးဆက်များ၊ ရွှေ့ပြောင်းနေရာချထားမှုများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆုံးရှုံးမှုနှင့် လူမှုရေး မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသည်။

တရုတ်၏ စစ်ရေးမဟာဗျူဟာစီမံကိန်းများနှင့် ဆက်သွယ်ရေးစီမံကိန်းများတွင် ချဉ်းကပ်နည်းသည် ၎င်း၏ ပိုမိုကြီးမားသော ပထဝီနိုင်ငံရေးမျှော်မှန်းချက်များကို ဖြည့်ဆည်းရန် သိမ်မွေ့စွာ ဩဇာထူထောင်မှုနှင့် အင်အားသုံး ဩဇာထူထောင်မှုတို့ကြား ဟန်ချက်ညီစေရန် သေချာတွက်ချက်ထားသည့် လုပ်ဆောင်ချက်ဖြစ်သည်။ အာဆီယံနိုင်ငံများကို လွှမ်းမိုးရန် ဆောင်ရွက်ရာတွင် တရုတ်၏ မဟာဗျူဟာသည် ဒေသတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အချုပ်အခြာအာဏာတို့ကို အသုံးချ၍ ထိန်းချုပ်နိုင်စွမ်း တိုးမြှင့်ရန်၊ ဩဇာချဲ့ထွင်ရန်နှင့် သယံဇာတများ ရယူရန် ရည်ရွယ်၍ တွက်ချက်ဆောင်ရွက်ထားသော အစီအစဉ်ကို ထင်ဟပ်စေသည်။

အခြားသော BRI စီမံကိန်းများကဲ့သို့ပင် ပင်းဂ်လူတူးမြောင်းသည် သက်ဆိုင်ရာနိုင်ငံများအတွက် စစ်မှန်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာမှုကို မြှင့်တင်ရန်ထက် တရုတ်၏ ပထဝီနိုင်ငံရေး အကျိုးအမြတ်နှင့် နိုင်ငံပိုင် လုပ်ငန်းများ အကျိုးရှိစေရန်သာ ဆောင်ရွက်နေခြင်းဖြစ်သည်။

တူးမြောင်းမှ ရရှိမည့် အကျိုးအမြတ်ထက် ၎င်းအတွက် ပေးဆပ်ရသည့် ငွေကြေးနှင့် သဘာဝပတ်ဝန်းကျင် အရင်းအနှီးက ပိုများသည်။ ထို့ပြင် ရေရှည်မတည်တံ့နိုင်သော အခြေခံအဆောက်အအုံများနှင့် ခေတ်မမီတော့သော နည်းပညာများကြောင့် မှီခိုအားထားရမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု သံသရာကို ဖြစ်ပေါ်စေပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုအတွက် အခြေခံအကျဆုံးအချက်များကို ထိခိုက်စေသည်။

ပင်းဂ်လူတူးမြောင်းသည် တရုတ် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI)၏ အမှောင်ဘက်ခြမ်းကို လှစ်ဟပြနေပြီး စမ်းသပ်စစ်ဆေးမှု မရှိသည့် အခြေခံအဆောက်အအုံတည်ဆောက်မှုများ၏ ချို့ယွင်းချက်များနှင့် ဆုံးရှုံးပျက်စီးမည့် အကျိုးဆက်များကို ဖော်ပြနေသည်။ တရုတ်သည် ရည်မှန်းချက်ကြီးသော အကြီးစားစီမံကိန်းများမှတဆင့် တကမ္ဘာလုံးသို့ ခြေဆန့်နိုင်ရန် ဆက်လက်တိုးချဲ့ဆောင်ရွက်နေသောကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၊ လူ့အခွင့်အရေး ဆောင်ရွက်သူများနှင့် ထိခိုက်ခံစားရသော လူ့အဖွဲ့အစည်းများ၏ သတိပေးချက်များကို လိုက်နာရမည်ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ဖွံ့ဖြိုးမှုပုံစံကို သေချာပြန်လည်သုံးသပ်မှသာ ကျဉ်းမြောင်းသော ပထဝီနိုင်ငံရေး အကျိုးအမြတ်နှင့် ရေတိုအကျိုးစီးပွားထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူမှုရေး တန်းတူညီမျှမှုနှင့် စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုတို့ကို ဦးစားပေးသည့် ရေရှည်တည်တံ့သော ရှေ့ခရီးလမ်းကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။