ခင်ဦးတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က PDF ကို သတ်ပြီး ကျေးရွာကို မီးရှို့၊ ဒေသခံ သောင်းနှင့်ချီထွက်ပြေးနေရ

ပုံအညွှန်း - စစ်ကောင်စီ စစ်ကြောင်းကြောင့် ဘေးလွတ်ရာသို့ ပြည်သူများတိမ်းရှောင်နေကြစဉ် ဓါတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့

MTO

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က တဲစုကျေးရွာတွင် PDF တဦးကို သတ်ဖြတ်ခဲ့ပြီး ရွာကို မီးရှို့၍ ဒေသခံများ သောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မတ်လ ၂၅ ရက်နေ့ မနက်ပိုင်းက ဘုန်းကြီး ဝါသ၀ ဖွဲ့စည်းထားသည့် ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ် ပူးပေါင်းအင်အား ၂၀၀ နီးပါးသည် ထိုရွာကို စီးနင်းပြီးနောက် ကာကွယ်ရေးရဲဘော်တဦးကို သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံ တဦးကဆိုသည်။

“ မနေ့က (၂၅ရက်နေ့) ညနေပိုင်းက ရွာလယ်ခေါင်က စပြီးရှို့တာ ပျက်စီးဆုံးရှုံးမှုတော့ မသိရသေးဘူး ။ ရဲဘော် တဦးကို လည်း ခေါင်းဖြတ်သတ်ပြီးတော့ ခန္ဓာကိုယ်ကို မိုးကာတွေ နဲ့လိပ်ပြီး မီးရှို့ ထားခဲ့တာ တပိုင်းတစတွေ ကျန်ခဲ့တာကို တွေ့ ရတယ်” ဟု ဒေသခံက ပြောသည်။

လက်ရှိတွင် ခင်ဦးနယ် အနောက်ခြမ်းရှိ သရက်ပင်စု၊ ကားဆိပ်၊ ယာတော်၊ မကျီးအုပ်၊ မြင်း‌ဒေါင်း ၊ ကျွန်းတောကြီး၊ မြင်းကျ၊ သာဝတ္ထိ၊ သရက်ကုန်း၊ တဲစု၊ ကင်းပြစ် ၊သာဂရနှင့် အင်တိုင်းကြီး ကျေးရွာမှ ဒေသခံပြည်သူ ဦးရေ ၁၀,၀၀၀ ထက်မနည်း နေရပ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ထားသည်။

“ ဒီစစ်ကြောင်းဟာ ပြည်သူတွေကို တွေ့ တာနဲ့ ရက်ရက်စက်စက်သတ်ဖြတ်လေ့ရှိသည့် အတွက် ပြည်သူတွေ အနေနဲ့ စစ်ကြောင်း အသံကြားပြီဆိုတာနဲ့ ဘေးလွတ်ရာကို တိမ်းဖို့ လိုတယ်” ဟု ဒေသခံ တဦးက ပြောသည်။

ဝါသ၀ စစ်ကြောင်းဟု ဒေသခံများကခေါ်သည့် ထိုစစ်ကြောင်းသည် ကန့်ဘလူမြို့နယ်မှ တန့်ဆည် ၊ ရေဦး စသည့် မြို့နယ် များ အတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းဖြစ်ပြီး မတ်လ ၂၅ ရက်နေ့ မှ စတင် ကာ ခင်ဦးမြို့နယ် ကို ဆက်လက်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ထို စစ်ကြောင်းသည် မတ်လ ၂၂ ရက်နေ့ နှင့် ၂၃ ရက်နေ့ များတွင် တန့်ဆည်မြို့နယ်ရှိချောင်းရိုးကျေးရွာ နှင့် ဖန်းခါးဇင် ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် ဒေသခံ ပြည်သူ သုံးဦး နှင့် ကာကွယ်ရေးရဲဘော် နှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့သည်။

စာတည်း။ ။အောင်ကျော်ဖြိုး