စစ်ကောင်စီကျူးလွန်ခဲ့သည့်အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရှိစေရန် ကြိုးပမ်းမည်ဟု ဗြိတိသျှသံရုံး ထုတ်ပြန်

ဂျူချန်း

(မဇ္ဈိမ)။ ။စစ်ကောင်စီက တပ်မတော်နေ့အခမ်းအနားကို နေပြည်တော်တွင် စစ်ရေးပြအခမ်းအနားများဖြင့် ကျင်းပနေသော်လည်း နိုင်ငံတဝန်းတွင် တိုက်ပွဲများကြောင့် အတိဒုက္ခရောက်နေရပြီး ၎င်းတို့ ကျူးလွန်ခဲ့ သည့် အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရှိစေရန်ကြိုးပမ်းမည်ဟု ယူကေနိုင်ငံ အင်ဒို-ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan က မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှတဆင့် သတင်းစကားပါးသည်။

“တပ်မတော်နေ့အထိမ်းအမှတ်အနေနဲ့ မြန်မာစစ်တပ်က နေပြည်တော်လမ်းမတွေပေါ်မှာ စစ်ရေးပြ အခမ်းအနားတွေ ကျင်းပနေပေမယ့် မြန်မာပြည်သူပြည်သားတွေကတော့ နိုင်ငံတဝှမ်း ဆက်လက်ဖြစ် ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့် အလုံးစုံ ဒုက္ခတွေများစွာ ခံစားနေရဆဲဖြစ်ပါတယ်” ဟု ဆိုထားသည်။

ယခုမတ်လ တလအတွင်း၌ပင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦး အပါ အဝင် အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ရကြောင်းလည်း ဆိုထားသည်။ ယင်းအပြင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့်ပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှု စသည့်နည်း လမ်းများဖြင့် လူနေအိမ်များ၊ ကျောင်းများ၊ ဆေးရုံနှင့် ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးနေကြ ကြောင်း ဗြိတိသျှသံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ကမ္ဘာကသိရှိနားလည်နိုင်ရန်အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကဲ့သို့ နိုင်ငံတကာစာမျက်နှာများကိုလည်း ယူကေအစိုးရအနေဖြင့် အသိပေးလျက်ရှိ ကြောင်းနှင့် ၎င်းတို့အစိုးရအနေဖြင့် စစ်ကောင်စီကို ဒဏ်ခတ်ပိတ်ဆို့မှုပေါင်း ၁၈ ခုကို လုပ်ဆောင်ခဲ့ ကြောင်းလည်း Anne-Marie Trevelyan ကပြောသည်။

“စစ်တပ်အနေနဲ့ မြန်မာပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တာဝန်ခံမှု ရှိစေဖို့ ယူကေအစိုးရက ဆက်လက်ကြိုးပမ်းအားထုတ် ကူညီပေးသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည့် စစ်မှုထမ်းဥပဒေပေါ် သက်ရောက်မှု များအတွက်လည်း ယူကေသံရုံးအနေဖြင့် အလွန်စိုးရိမ်ပူပန်မိကြောင်းလည်း ဆိုသည်။ စစ်ကောင်စီတပ် ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူများ၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများနှင့် ဖိနှိပ်ခံ ပြည်သူများကို ယူကေအစိုးရမှ အောက်မေ့သတိရနေကြောင်းလည်း ပြောဆိုထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုအကူညီလိုအပ်သူ ၁၈ သန်းကျော်ရှိပြီး ပြည်သူ သုံးဦးအနက် တဦးသည် ပဋိပက္ခများကြောင့် မိမိတို့အိုးအိမ်များကို စွန့်ခွာထွက်ပြေးဖို့ ဖိအားပေးခံနေရ ကြောင်းလည်း ထောက်ပြထားသည်။

စစ်ကောင်စီ၏ အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးကို ချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီ ကို ကနေဒါနိုင်ငံမှ အပြင်းအထန်ရှုတ်ချကြောင်းနှင့် မြန်မာစစ်ကောင်စီအနေဖြင့် အကြမ်းဖက်မှုများကို ရပ်တန့်ကာ မြန်မာစစ်တပ်ကို စစ်လက်နက်နှင့်လေယာဉ်ဆီ ပံ့ပိုးပေးနေသည့်နိုင်ငံများကိုလည်း ချက် ချင်းရပ်တန့်ရန် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးကလည်း ယနေ့မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထား သည်။

ဖိနှိပ်ခံပြည်သူများနှင့်အတူ တသားတည်းရပ်တည်ကြောင်း ယူကေအစိုးရနှင့် ကနေဒါနိုင်ငံ မှ သံရုံးများက ယနေ့ မတ်လ ၂၇ ရက်နေ့တွင် အသီးသီး ထုတ်ပြန်ဖော်ပြထားကြသည်။

ယခင်က တော်လှန်ရေးနေ့အဖြစ်သတ်မှတ်ထားသည့် မတ်လ ၂၇ ရက်နေ့ကို အာဏာရှင်ဟောင်း ဗိုလ် ချုပ်ကြီးနေဝင်းက တပ်မတော်နေ့ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကို နေပြည်တော်စစ်ရေးပြကွင်းတွင် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင်လုပ်ဆောင်မည်ဖြစ် ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

စာတည်း။ ။စောဖေ