ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် ညမထွက်ရအမိန့် AA ထုတ်ပြန်

ပုံအညွှန်း- ဘူးသီးတောင် ခမရ (၅၆၄) ကို AA သိမ်းပိုက်ကာ အလံလွှင့်ထူစဥ်

002
မဇ္ဈိမ။ ။ စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် ၊ ဘူးသီးတောင်မြို့နယ််နှင့် မောင်တောမြို့နယ်များတွင် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ကြောင်း အာရက္ခတပ်တော် (AA) က ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။
ညမထွက်ရ အမိန့်သည် ဧပြီလ ၂၆ ရက်စတင်မည်ဖြစ်ပြီး ည ၇ နာရီမှ မနက် ၆ နာရီအတွင်း အပြင်မထွက်ရန် သတ်မှတ်ထားခြင်းကို ထိုဒေသတွင်း နေထိုင်သူများ မပျက်မကွက်လိုက်နာကြရန် အသိပေး မေတ္တာရပ်ခံကြောင်း၊ ပျက်ကွက်ပါက ထိုက်တန်တဲ့ အပြစ်ပေး အရေးယူမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မဖြစ်မနေသွားလာရမည့်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာ ULA အုပ်ချုပ်ရေးတာဝန်ခံများထံ ကြိုတင်အကြောင်းကြားကာ ခွင့်ပြုချက်ယူရမည်ဟု AA ကဆိုသည်။
စစ်ကောင်စီသည် အာရက္ခဒေသအတွင်း မတူညီသည့် လူ့အဖွဲ့အစည်းများအကြား ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ ဖြစ်ပွားစေရန် ကြိုးပမ်းနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲမြို့များတွင် တိုက်ပွဲများ နေ့စဉ်ရက်ဆက်ရှိနေသည်ဟု AA က ‌ပြောသည်။
ထို့ပြင် ဘူးသီးတောင်၊ စကခ (၁၅) အား အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး တိုက်ပွဲများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်‌နေသည်ဟု AA က ထုတ်ပြန်ထားသည်။
စာတည်း။ ။အောင်ကျော်ဖြိုး